အာဆင်နယ်အသင်းနည်းပြ မီခေးလ် အာတီတာဟာ နာမည်ကျော် အားကစားဝတ်စုံကုမ္ပဏီဖြစ်တဲ့ Under Armour မှာ ရာထူးအသစ်တစ်ခုကို လက်ခံရယူလိုက်တာကြောင့် ဘောလုံးလောကကို အံ့အားသင့်စေခဲ့ပါတယ်။ သူ့အနေနဲ့ ဘောလုံးလောကရဲ့ ထိပ်တန်းအဆင့်ကို တီထွင်ဆန်းသစ်မှုတွေနဲ့ ပြောင်းလဲပစ်ဖို့ ကူညီသွားမယ်လို့လည်း ကတိပြုပြောကြားခဲ့ပါတယ်။

အာတီတာဟာ Under Armour ကုမ္ပဏီရဲ့ Global Ambassador and Director of Performance (ကမ္ဘာလုံးဆိုင်ရာ သံတမန်နဲ့ စွမ်းဆောင်ရည်ဆိုင်ရာ ဒါရိုက်တာ)အဖြစ် ခန့်အပ်ခံခဲ့ရတာဖြစ်ပြီး သူ့ရဲ့ အာဆင်နယ်နည်းပြဘဝနဲ့အတူ ဒီတာဝန်ကို ပူးတွဲထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။

 

Photo Credit : Business Upturn

ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်အရ အသက်(၄၃)နှစ်အရွယ် စပိန်နည်းပြဟာ ကုမ္ပဏီရဲ့ ထုတ်ကုန်သစ်တွေ ဖွံ့ဖြိုးတိုးတက်ရေး အရည်အချင်းရှိတဲ့ လူငယ်မျိုးဆက်သစ်တွေ ရှာဖွေဖော်ထုတ်ရေးနဲ့ ခေါင်းဆောင်မှုပိုင်းဆိုင်ရာ လမ်းညွှန်မှုတွေ ပေးအပ်သွားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အာတီတာရဲ့ ထိပ်တန်းခေါင်းဆောင်မှု အရည်အသွေး နည်းဗျူဟာပိုင်းဆိုင်ရာ ထိုးထွင်းသိမြင်မှုနဲ့ စွမ်းဆောင်ရည်အပေါ် မဆုတ်မနစ်ကြိုးစားတဲ့ စိတ်ဓာတ်တွေက ကုမ္ပဏီရဲ့ ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်ကို အထောက်အကူပြုလိမ့်မယ်လို့လည်း ဖော်ပြထားပါတယ်။

ဒီပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး အာတီတာက “Under Armour နဲ့ လက်တွဲခွင့်ရတာဟာ လူငယ်အားကစားသမားတွေကို ပိုကောင်းလာအောင် ကူညီပေးဖို့ စိတ်အားထက်သန်တဲ့ ပါတနာတစ်ဦးနဲ့ လက်တွဲခွင့်ရတဲ့ အကောင်းဆုံးအခွင့်အရေးပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

Photo Credit : Sky Sports

“မျိုးဆက်သစ်ကစားသမားတွေအတွက် အခြေခံအုတ်မြစ်တစ်ခု ဖန်တီးပေးဖို့ ကျွန်တော် အမြဲတမ်း စိတ်အားထက်သန်ပါတယ်။ ကုမ္ပဏီနဲ့ လက်မှတ်ရေးထိုးထားပြီးသား ထိပ်တန်းကစားသမားတွေကို ကြည့်ရင် သူတို့လည်း ကျွန်တော့်လိုပဲ စိတ်အားထက်သန်တယ်ဆိုတာ ပြသနေပါတယ်။ ကျွန်တော်တို့ဟာ အသစ်အဆန်းတွေကို ရှာဖွေပြီး ထိပ်တန်းအဆင့်မှာ ပြောင်းလဲမှုတွေ ပြုလုပ်ခြင်းအားဖြင့် အမြဲတမ်း ပိုကောင်းအောင် ကြိုးစားတဲ့နေရာမှာ တူညီတဲ့စိတ်ဓာတ်ရှိပါတယ်။ ကြီးကျယ်ခမ်းနားမှုကို ရှာဖွေရာမှာ ကျွန်တော်တို့ရဲ့ တန်ဖိုးထားမှုတွေက အလွန်နီးစပ်ပြီး အတူတကွ ဘောလုံးလောကမှာ ကြီးကျယ်တဲ့အရာတွေကို အောင်မြင်အောင် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ သူက ဆက်ပြောခဲ့ပါတယ်။

ဒီကြေညာချက်ဟာ ပရီးမီးယားလိဂ်ရာသီသစ် မစတင်မီ ရက်ပိုင်းအလိုမှာ ထွက်ပေါ်လာခဲ့တာပါ။ ပြီးခဲ့တဲ့ ရာသီ (၃)ကြိမ်ဆက်တိုက် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတဲ့ အာဆင်နယ်ဟာ ဒီနှစ်မှာတော့ ချန်ပီယံဆုကို အရယူဖို့ ရည်မှန်းနေပါတယ်။ သူတို့ရဲ့ ၂၀၂၅-၂၆ ရာသီသစ် အဖွင့်ပွဲစဉ်ကို လာမယ့် တနင်္ဂနွေနေ့မှာ အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ကစားရမှာပါ။ အာဆင်နယ်ဟာ အာတီတာရဲ့ အသင်းကို ပြန်လည်တည်ဆောက်ဖို့အတွက် ဒီနွေရာသီမှာ ပေါင်(၂၀၈)သန်းအထိ သုံးစွဲခဲ့ပြီးဖြစ်ပါတယ်။ အဲ့ဒီထဲမှာ နာမည်ကြီးတိုက်စစ်မှူး ဗစ်တာ ယိုကယ်ရက်စ်ကို ပေါင်(၆၄)သန်းနဲ့ ခေါ်ယူခဲ့သလို နိုနီ မာဒူကီ၊ မာတင် ဇူဘီမန်ဒီ၊ ကီပါ အာရစ်ဇာဘလာဂါ၊ ခရစ္စတီယန် နော်ဂတ် နဲ့ ခရစ္စသီယန် မိုစကွဲရား တို့ကိုလည်း ခေါ်ယူအားဖြည့်ထားပါတယ်။