မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမား မားကပ်စ်ရပ်ရှ်ဖို့ဒ်ဟာ တိုက်စစ်ပိုင်းမှာ ဘယ် ညာ တောင်ပံနှစ်ဖက်အပြင် အထောင်တိုက်စစ်နေရာအထိပါ နေရာအစုံ လိုက်ပါကစားတတ်သူ ဖြစ်ပေမယ့်လည်း ကစားသမားကိုယ်တိုင်က ဘယ်ခြမ်းတိုက်စစ်နေရာဟာလ သူ့အတွက်တော့ အကောင်းဆုံးနေရာလို့ ဝန်ခံထားတဲ့အပြင် ကစားသမားဟောင်းကြီး မိုက်ကယ်အိုဝင်ကလည်း ရပ်ရှ်ဖို့ဒ်ရဲ့ ပြောဆိုမှုကို ထောက်ခံပြောဆိုလိုက်ပါတယ်။

Photo Credit : TEAMtalk

ဒီနှစ်ဘောလုံးရာသီ ယူနိုက်တက်အသင်းရဲ့ (၃)ယောက်တန်း တိုက်စစ်အစုအဖွဲ့မှာ ရပ်ရှ်ဖို့ဒ်က ဘယ်အခြမ်းနဲ့ အတွင်းပိုင်း နေရာ(၂)ခုမှာ အလှည့်ကျ ကစားခဲ့ရတာဖြစ်ပြီး အိုမိုးနီးယားနဲ့ ပွဲစဉ်အတွင်း လူစားဝင် ကစားခွင့်ရတုန်း ဘယ်တောင်ပံနေရာကနေ ကစားခဲ့ရာ အတော်လေးကို ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ LW နဲ့ CF (၂)နေရာမှာ လိုက်ပါကစားနေရပေမယ့် ကစားသမားကိုယ်တိုင်ကတော့ LW နေရာမှာ ပါဝင်ကစားရတာက သူ့အတွက် အကောင်းဆုံး ဖြစ်တယ်လို့ ဝန်ခံပြောဆိုထားခဲ့တဲ့အပြင် တိုက်စစ်မှူးဟောင်းကြီး အိုဝင်ကလည်း ရပ်ရှ်ဖို့ဒ်အတွက် အကောင်းဆုံးနေရာက ဘယ်ခြမ်းတိုက်စစ်သာ ဖြစ်တယ်လို့ ယုံကြည်လို့နေပါတယ်။

Photo Credit : Goal

 

ရပ်ရှ်ဖို့ဒ်ကို CF နဲ့ LW ဘယ်နေရာမှာထားသုံးတာ အကောင်းဆုံး ဖြစ်နိုင်မလဲဆိုတာနဲ့ ပတ်သတ်ပြီး အိုဝင်က “ဒါဟာ ကြီးမားတဲ့ ငြင်းခုန်မှုပဲ မဟုတ်လား။ ပြီးတော့ ကျွန်တော်တို့က ဒါကို အချိန်အတော်ကြာအောင် ငြင်းခုံခဲ့ကြသေးတယ်လေ။ ကျွန်တော်ရဲ့ တစ်ဦးတည်း အမြင်အရဆိုရင်တော့ ဘယ်အခြမ်းမှာ ကစားတာကိုပဲ ပိုကြိုက်ပါတယ်။ မန်ချက်စတာယူနိုက်တက်မှာ ကစားနေတဲ့ တိုက်စစ်မှူးတစ်ဦး အနေနဲ့ အသက်(၂၀)ဝန်းကျင်လောက်သာ ရှိနေဦးမယ်ဆိုရင်တော့ ဂိုးတွေ ပိုသွင်းနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြလိမ့်မယ်။ ခင်ဗျားက တကယ်ပဲ အဲ့ဒီမှာ ကစားနေရဖို့ဆိုရင် ခင်ဗျားရဲ့ အနေအထားက ကမ္ဘာ့အကောင်းဆုံး ကစားသမား (၅)ယောက် (၆)ယောက်ထဲမှာ တစ်ယောက်အပါအဝင် ဖြစ်နေဖို့ လိုအပ်တယ်။ ရပ်ရှ်ဖို့ဒ်က ဒီလောက် ဂိုးတွေအများကြီး သွင်းနိုင်မလားဆိုတာ ကျွန်တော် မသေချာသလို သူက ကမ္ဘာထိပ်တန်း တိုက်စစ်မှူး ဒါဇင်ဝက်လောက်ထဲက တစ်ယောက်လားဆိုတာတော့ ကျွန်တာ်လည်း မသိဘူး။ ဒါပေမယ့် သူက ဘယ်ခြမ်းမှာ ကစားရင်တော့ အရမ်းထိရောက်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါကြောင့် မန်ယူနိုက်တက်က ရပ်ရှ်ဖို့ဒ်ကို ဘယ်ခြမ်းမှာသုံး ရော်နယ်လ်ဒို ဒါမှမဟုတ်လည်း တိုက်စစ်မှူးသစ် တစ်ဦးဦးကို CF နေရာမှာ သုံးသင့်တယ်လို့ ကျွန်တော် ထင်ပါတယ်” မှတ်ချက်ပြုသွားခဲ့ပါတယ်။