အမေရိကန် မေဂျာလိဂ် နာမည်ကြီးကလပ် အင်တာ မိုင်ယာမီက ယနေ့မနက် အစောပိုင်းမှာပဲ အာဂျင်တီးနား အသင်းခေါင်းဆောင် တိုက်စစ်မှူး လီယွန်နယ် မက်ဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီးနောက် မက်ဆီရဲ့ လက်ရွေးစင် အသင်းဖော် ဖြစ်သူ ဒီမာရီယာကိုပါ ထပ်မံ ခေါ်ယူရန် ကြိုးစားနေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ဒေးဗစ် ဘက်ခမ်း ပိုင်ဆိုင်တဲ့ အင်တာ မိုင်ယာမီက ယခုနှစ် မေဂျာလိဂ် ဘောလုံးရာသီမှာ ရလဒ်တွေ ဆက်တိုက် ဆိုးဝါးနေပေမယ့် သူတို့အသင်းရဲ့ တောင့်တင်းတဲ့ ဘဏ္ဍာရေးအင်အားကြောင့် ပီအက်စ်ဂျီ ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရထားတဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီကို အမိအရ ခေါ်ယူနိုင်ခဲ့ပါတယ်။

Photo Credit: Juventus FC

လီယွန်နယ် မက်ဆီကို ခေါ်ယူပြီးတဲ့နောက် အင်တာ မိုင်ယာမီရဲ့ တာဝန်ရှိသူတွေက အသင်းကို ဆက်လက် အားဖြည့်ဖို့ ဆုံးဖြတ်ထားပြီး မိုင်ယာမီရဲ့ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ဂျူဗင်တပ်နဲ့ လမ်းခွဲခဲ့တဲ့ ဝါရင့် အာဂျင်တီးနား တောင်ပံကစားသမား ဒီမာရီယာကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အင်တာ မိုင်ယာမီရဲ့ တာဝန်ရှိသူတွေက ဒီမာရီယာရဲ့ ကိုယ်စားလှယ်တွေဆီ ဆက်သွယ်ကာ ဒီမာရီယာကို ခေါ်ယူဖို့ ကြိုးစားနေပြီး မက်ဆီ ရှိနေတာကြောင့် ဒီမာရီယာဟာ သူတို့အသင်းဆီ ပြောင်းလာလိမ့်မယ်လို့ ယုံကြည်နေကြကြောင်း သိရပါတယ်။

Photo Credit: Standard Post

လက်ရှိမှာ ဒီမာရီယာကို ခေါ်ယူဖို့ ကြိုးစားနေတာက အင်တာ မိုင်ယာမီ တသင်းထဲ မဟုတ်ပဲ ဒီမာရီယာရဲ့ အသင်းဟောင်း ဘင်ဖီကာ အပါအဝင် ဥရောပရဲ့ နာမည်ကြီးအသင်း တချို့က ဒီမာရီယာကို သူတို့အသင်းဆီ ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးစားနေကြပါတယ်။

အသက် ၃၅နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဒီမာရီယာက ရီးရဲလ်မက်ဒရစ် ၊ မန်ချက်စတာ ယူနိုက်တက် ၊ ပီအက်စ်ဂျီ ၊ ဂျူဗင်တပ် စတဲ့ ဥရောပ အသင်းကြီးတွေမှာ ကစားခဲ့ဖူးသူ ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ဂျူဗင်တပ် အတွက် ပြိုင်ပွဲစုံ ၄၀ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၈ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၇ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။