အင်တာ မိုင်ယာမီအသင်းဟာ ကနေဒါကလပ် ဗန်ကူးဗား ဝှိုက်ကက်ပ်စ်ကို အိမ်ကွင်း Chase Stadium မှာ (1-3) နဲ့ ရှုံးနိမ့်ပြီး နှစ်ကျော့ပေါင်းရလဒ် (1-5) ဆိုတဲ့ ရလဒ်နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် ကွန်ကာကက်ဖ် ချန်ပီယံလိဂ်ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် အဆင့်ကနေ ထွက်ခဲ့ရပြီ ဖြစ်ပါတယ်။

အင်တာ မိုင်ယာမီနည်းပြ ဟာဗီယာ မာရှေယာနိုကတော့ အသင်းအနေနဲ့ ဒီရှုံးနိမ့်မှုအပြီးမှာ အမေရိကန် မေဂျာလိဂ် MLSကိုသာ အပြည့်အဝ အာရုံစိုက်ရတော့မှာ ဖြစ်တယ်လို့ အလေးအနက် ပြောကြားလိုက်ပါတယ်။ အာဂျင်တီးနား နည်းပြဟာ သူ့အသင်း နောက်ပိုင်းပွဲတွေမှာ ပေးဂိုးတွေ များပြားနေတာကို သိရှိထားပေမယ့်လည်း ဒီခက်ခဲတဲ့ ကာလကနေ အသင်း ပြန်လည် ရုန်းထွက်နိုင်လိမ့်မယ်လို့ ယုံကြည်မှု ရှိနေဆဲပါ။

Photo Credit : Goal

“ကျွန်တော်တို့ ရှေ့ဆက်လျှောက်လှမ်းပြီး MLS ကိုပဲ အာရုံစိုက်ရပါတော့မယ်။ ကလပ် ကမ္ဘာ့ဖလား အကြောင်းကိုတောင် ကျွန်တော် စဉ်းစားမနေပါဘူး။ ကျွန်တော်တို့ ပြိုင်ပွဲနှစ်ခုကို ယှဉ်ပြိုင်ခဲ့တယ်။ ကောင်းကောင်းလည်း ကစားနိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်အထိ ရောက်ခဲ့ပါတယ်။ ဒါဟာ ကလပ်အသင်း သမိုင်းတစ်လျှောက် တစ်ခါမှ မရောက်ခဲ့ဖူးတဲ့ အဆင့်ပါ။ ဒါပေမယ့် ဗိုလ်လုပွဲကို တက်ချင်ခဲ့တဲ့အတွက် ဒီရှုံးနိမ့်မှုက နာကျင်စေပါတယ်။”

“ဗိုလ်လုပွဲသာ တက်နိုင်ခဲ့ရင် ကလပ်အတွက် အလွန်အရေးပါတဲ့ အနေအထားတစ်ခုကို ရောက်ရှိမှာပါ။ ဒါပေမယ့်လည်း သူတို့ (ဝှိုက်ကက်ပ်စ်)က ပိုကောင်းခဲ့တယ် ဆိုတာကို လက်ခံရပါမယ်။ အဆုံးအဖြတ်ပေးနိုင်တဲ့ အခိုက်အတန့်တွေမှာ တစ်ဦးချင်း အားပြိုင်မှုတွေမှာ သူတို့က ကျွန်တော်တို့ကို အနိုင်ယူသွားတယ်။ ဒီလို ရှုံးထွက်အဆင့်မျိုးမှာ ဒီအချက်တွေက အရမ်း အရေးကြီးပါတယ်။” လို့ မာရှေယာနိုက ပွဲရလဒ်ကို သုံးသပ်ရင်း ပြောပါတယ်။

Photo Credit : Goal

သူက ဆက်လက်ပြီး “ဒီပွဲကို အပိုင်းနှစ်ပိုင်းခွဲပြီး ကြည့်ရပါမယ်။ ပထမပိုင်းမှာတော့ ကျွန်တော်တို့ လိုချင်တဲ့ ပုံစံအတိုင်း ကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ စောစောစီးစီး ဂိုးသွင်းနိုင်ခဲ့ပြီး ဒုတိယဂိုး ရဖို့ အခွင့်အရေးတွေလည်း ထပ်ရခဲ့တယ်။ ကျွန်တော်တို့က စွန့်စား ကစားခဲ့ရတာကြောင့် သူတို့ဘက်မှာလည်း အခွင့်အရေးတွေ ရခဲ့တာပေါ့။ ကျွန်တော်တို့ လုံးဝ မမျှော်လင့်ထားခဲ့တာကတော့ ဒုတိယပိုင်းအစ (၂)မိနစ် (၃)မိနစ်လေးအတွင်းမှာ သူတို့ ဂိုး(၂)ဂိုး ဆက်တိုက်သွင်းပြီး ပွဲစဉ်တစ်ခုလုံးရဲ့ အဖြေကို အဆုံးအဖြတ်ပေးသွားတာပါပဲ။”

“ကျွန်တော်တို့ တည်တည်ငြိမ်ငြိမ်နဲ့ ကစားရမယ့် အချိန်မှာ ဖြစ်သွားခဲ့တာပါ။ ကျွန်တော်တို့ ရည်မှန်းထားတာနဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်သွားတယ်။ အခက်ခဲဆုံးဖြစ်တဲ့ ဂိုးသွင်းယူနိုင်မှုကို ကျွန်တော်တို့ လုပ်နိုင်ခဲ့ပေမယ့် ဒါ ဘောလုံးရဲ့ သဘောသဘာဝပါပဲ။ အထူးသဖြင့် ဆီမီးဖိုင်နယ်လို အဆင့်မြင့် ပွဲစဉ်မျိုးမှာပေါ့။ အမှားတစ်ခု ကျူးလွန်လိုက်တာနဲ့ ပြိုင်ဘက်က သင့်ကို အပြစ်ပေးပြီး ပွဲကို သူတို့ဘက် ပါသွားအောင် ဆွဲယူသွားမှာပဲ။ ပွဲရဲ့ အခြေအနေက တော်တော်လေး ရှင်းပါတယ်။” လို့ မာရှေယာနိုက ဗန်ကူးဗားကို ရှုံးနိမ့်ခဲ့ပြီးနောက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။