တူရကီနာမည်ကြီးကလပ် ထရက်ဇွန်စပေါ်နဲ့ ဘယ်လ်ဂျီယံတို့ရဲ့ ဝါရင့် ညာနောက်ခံလူ မူနီယာက သူ့ရဲ့ လက်ရွေးစင် အသင်းဖော် ဒိုကူဟာ လက်ရှိမှာ သူ့ရဲ့ အသင်းဖော်ဟောင်း နေမာရဲ့ အဆင့်အတန်းမျိုး မရောက်သေးပေမယ့် အနာဂတ်မှာ နေမာလို ကမ္ဘာ့အဆင့် ကြယ်ပွင့် ကစားသမား ဖြစ်လာနိုင်တယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အသက် ၃၂နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် ညာနောက်ခံလူ မူနီယာက ကမ္ဘာ့အဆင့် ညာနောက်ခံလူ တဦး မဟုတ်ပေမယ့် သူ့ရဲ့ တည်ငြိမ်တဲ့ ကစားဟန်ကြောင့် ပီအက်စ်ဂျီ ၊ ဒေါ့မွန် စတဲ့ ဥရောပ ထိပ်သီးကလပ်တွေမှာ ကာလရှည် ကစားခွင့် ရခဲ့ပါတယ်။

Photo Credit: Mirror

မူနီယာက ပီအက်စ်ဂျီမှာ ကစားခဲ့စဉ်က ဘရာဇီးလ်ကြယ်ပွင့် နေမာ ၊ ပြင်သစ်ကြယ်ပွင့် အမ်ဘာပေ စတဲ့ ကမ္ဘာ့အဆင့် ကြယ်ပွင့် ကစားသမားတွေနဲ့ တွဲဖက် ကစားခွင့် ရခဲ့သလို သူက ဘယ်လ်ဂျီယံမှာလည်း ဟာဇက် ၊ ဒီဘရိုင်း စတဲ့ ကမ္ဘာ့အဆင့် ကစားသမားတွေနဲ့ တွဲဖက် ကစားခဲ့ပါသေးတယ်။

တဖက်မှာတော့ အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဒိုကူက ယခုနှစ် ဘောလုံးရာသီ အစမှာ ရန်းနက်စ် ကနေ မန်ချက်စတာ စီးတီးထံ ပြောင်းရွှေ့ ကစားရင်း ဘောလုံးဇာတ်ခုံပေါ်မှာ နာမည်ကျော်လာသူ ဖြစ်ပြီး ဒိုကူဟာ သူ့ရဲ့ အလိမ်အခေါက်စွမ်းရည်ကြောင့် နာမည်ကြီးပါတယ်။

Photo Credit: Fot Mob

နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ မူနီယာက ဒိုကူဟာ ထိန်းချုပ်ရ ခက်ခဲတဲ့ တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်ကြောင်း ချီးကျူးခဲ့ပေမယ့် ဒိုကူက သူ့ရဲ့ ကလပ်အသင်းဖော်ဟောင်း နေမာရဲ့ အဆင့်အတန်းမျိုး မရောက်သေးပဲ တချိန်မှာတော့ နေမာလို ကစားသမားမျိုး ဖြစ်လာနိုင်ကြောင်း ဒိုကူရဲ့ လက်ရှိအခြေအနေနဲ့ အနာဂတ် ဖြစ်နိုင်ချေတို့ကို အသေးစိတ် သုံးသပ်သွားခဲ့ပါတယ်။

မူနီယာက – “ဒိုကူက အရည်အသွေး အများကြီး ရှိတဲ့ ကစားသမားပါ။ ပြီးတော့ သူက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း အပြည့် ရှိပါတယ်။ ဒါပေမယ့် သူက နေမာရဲ့ အဆင့်အတန်းမျိုး မရောက်သေးပါဘူး။ တဖက်မှာလည်း သူက ကျွန်တော့်ကို အံ့အားသင့်အောင် အများကြီး လုပ်ပြထားနိုင်ပါတယ်။ ဒါပေမယ့် အခုချိန်အထိ သူက ကျွန်တော့်ကို လေ့ကျင့်ရေးကွင်းမှာ ခေါင်းကိုက်အောင် မလုပ်နိုင်သေးပြန်ပါဘူး။ တချိန်မှာတော့ သူက နေမာရဲ့ အဆင့်အတန်းမျိုး ရောက်လာနိုင်ပါတယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။