မန်ချက်စတာ ယူနိုက်တက် လက်ထောက်နည်းပြဟောင်းဖြစ်သူ ရီနေး မူလန်စတင်းက ပေါ်တူဂီရဲ့ ဂန္ထဝင်တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ လာမယ့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုဖလားကြီးကို ဆွတ်ခူးနိုင်စွမ်းရှိတယ်လို့ ယုံကြည်ကြောင်း ထောက်ခံပြောကြားလိုက်ပါတယ်။
အသက်(၄၀)အရွယ်ရှိပြီဖြစ်တဲ့ အမြဲတမ်း တောက်ပနေတဲ့ တိုက်စစ်မှူးကြီး ရော်နယ်လ်ဒိုဟာ ဆော်ဒီ ပရိုလိဂ်ကလပ် အယ်လ်နာဆာနဲ့ နောက်ထပ် နှစ်နှစ်သက်တမ်းတိုး စာချုပ် ချုပ်ဆိုထားသူဖြစ်ပါတယ်။ သူဟာ အရှေ့အလယ်ပိုင်းမှာ ခြေစွမ်းကျဆင်းသွားခြင်းမရှိဘဲ နှစ်ရာသီဆက်တိုက် ရွှေဖိနပ်ဆုကိုတောင် ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။
Photo Credit : Goal
ဒါ့အပြင် ရော်နယ်လ်ဒိုဟာ ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် ဆက်လက်ရှိနေပြီး မကြာသေးခင်က UEFA Nations League ဖလားကို ဆွတ်ခူးရာမှာလည်း အဓိကကျခဲ့သူပါ။ လာမယ့်နွေရာသီ အမေရိကန် ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတို့မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲဟာ သူ့ရဲ့ အံ့မခန်းကစားသမားဘဝတစ်လျှောက် (၆)ကြိမ်မြောက် ပါဝင်ကစားမယ့် ပြိုင်ပွဲဖြစ်လာဖို့လည်း ရှိနေပါတယ်။
မူလန်စတင်းက Grosvenor Sport ကို အခုလို ပြောကြားခဲ့ပါတယ်။ “ရော်နယ်လ်ဒိုက ဆော်ဒီက သူ့အတွက် ဘယ်လောက်အဆင်ပြေလဲ။ သူ့မိသားစုဘဝနဲ့ ဘယ်လိုကိုက်ညီလဲဆိုတာကို ကောင်းကောင်းသိပါတယ်။ ဒီအသက်အရွယ်မှာတောင် သူကစားနေနိုင်သေးတာ ကြံ့ခိုင်မှုကို ထိန်းသိမ်းထားနိုင်တာနဲ့ ကမ္ဘာ့ဖလားသွားကစားချင်စိတ် ပြင်းပြနေတာတွေက တကယ်ကို အံ့မခန်းပါပဲ။ သူဟာ တစ်စုံတစ်ခုကို လိုက်လံရှာဖွေနေတယ်လို့ ခံစားနေရသရွေ့တော့ ဆက်ပြီးကစားနေဦးမှာပါ။ သူက စံချိန်မှတ်တိုင်သစ်တွေကို လိုက်လံစိုက်ထူနေပြီး စံချိန်သစ်တွေ ချိုးဖျက်ဖို့ အမြဲဆန္ဒပြင်းပြနေတဲ့သူပါ။ ဆော်ဒီလိဂ်ရဲ့ အခြေအနေကိုလည်း သူ ကောင်းကောင်းသိပြီး အဲ့ဒီမှာလည်း ဆုဖလားတွေ ဆွတ်ခူးဖို့ စိတ်အားထက်သန်နေပါတယ်။” လို့ မူလန်စတင်းက ဆိုပါတယ်။
Photo Credit : Goal
မူလန်စတင်းက ရော်နယ်လ်ဒိုရဲ့ နိုင်ငံတကာ အောင်မြင်မှု မျှော်လင့်ချက်နဲ့ ပတ်သက်ပြီး ဆက်လက်ပြောကြားရာမှာ သူ့ရဲ့ ကစားသမားဘဝမှတ်တမ်းမှာ သိသိသာသာ လွဲချော်နေတဲ့ တစ်ခုတည်းသော ဆုဖလားကြီးကို ဆွတ်ခူးနိုင်မယ့် အခွင့်အရေးအကြောင်းကိုလည်း အခုလို ထပ်လောင်းပြောဆိုခဲ့ပါတယ်။ “ပေါ်တူဂီအသင်းမှာ အရည်အသွေးမြင့် ကစားသမားတွေ အများကြီးရှိတဲ့အတွက် ရော်နယ်လ်ဒိုမှာ ကမ္ဘာ့ဖလားကိုင်မြှောက်ခွင့်ရနိုင်တဲ့ အခွင့်အရေးရှိပါတယ်။ အဓိကကတော့ အသင်းမှာ သူ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်ကစားပေးနိုင်မလဲ ဆိုတာပါပဲ။”
“သူတို့ဟာ ပြိုင်ပွဲမှာ အဆင့်ဆင့်တက်လှမ်းနိုင်မယ့် အသင်းတစ်သင်းဆိုတာ သေချာပါတယ်။ ရှုံးထွက်အဆင့်တွေမှာ ဘယ်အသင်းနဲ့တွေ့မလဲ။ အကောင်းဆုံးကစားသမားတွေ ဘယ်လောက်ခြေစွမ်းပြနိုင်မလဲ ဆိုတာပေါ်မှာပဲ မူတည်သွားပါပြီ။ အဲ့ဒီအချိန်တွေကမှ တကယ့်ကို ခြေစွမ်းပြပြီး အကောင်းဆုံးထုတ်ပြဖို့ လိုအပ်တဲ့အချိန်ပါပဲ။ သူတို့မှာ အခွင့်အရေး အသေအချာရှိပါတယ်။” ထပ်လောင်း ပြောဆိုလိုက်ပါတယ်။ ရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်းအတွက် ပွဲပေါင်း (၂၂၁)ပွဲ ကစားပြီး (၁၃၈)ဂိုးအထိ သွင်းယူထားကာ သမိုင်းစာမျက်နှာတွေကို အသစ်ပြန်လည်ရေးထိုးနေဆဲ ဖြစ်ပါတယ်။ သူဟာ ကစားသမားဘဝကနေ အပြီးတိုင်အနားမယူမီမှာ ကစားသမားဘဝသွင်းဂိုး (၁၀၀၀ )ပြည့်မြောက်အောင် သွင်းယူသွားဖို့ ရည်မှန်းထားကြောင်းလည်း သိရပါတယ်။