အင်တာ မိုင်ယာမီနဲ့ အာဂျင်တီးနား စူပါစတားကြီး လီယွန်နယ် မက်ဆီရဲ့ သက်တော်စောင့် ယာဆင်း ချူအေကိုက လူသိများတဲ့ နာမည်ကျော် Youtuber နဲ့ WWE ကြယ်ပွင့် လိုဂန် ပေါလ်ကို လက်ဝှေ့ထိုးဖို့ စိန်ခေါ်လိုက်ပြီး ဒီစိန်ခေါ်မှုကိုလည်း လက်ခံသွားဖို့ပါ တောင်းဆိုလိုက်ပါတယ်။

မက်ဆီဟာ ၂၀၂၄ခုနှစ်မှာပဲ သူ့ရဲ့ အချိုရည် အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့Mas+ ကို စတင် မိတ်ဆက်ခဲ့ရာ ဒါဟာ YouTuber နဲ့ WWE ကြယ်ပွင့် ပေါလ် ရဲ့ ဒေါသကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ပေါလ်က သူ့ရဲ့ ကိုယ်ပိုင်ကုမ္ပဏီ Prime ရဲ့ မျက်နှာစာဖြစ်ပြီး ဒီဟိုက်ဒရေးရှင်း အချိုရည် နှစ်ခုရဲ့ အမှတ်တံဆိပ် ဒီဇိုင်းတွေဟာ ထူးခြားစွာ ဆင်တူနေတာကြောင့် ပေါလ်က အင်တာမိုင်ယာမီ ကြယ်ပွင့် မက်ဆီကို အွန်လိုင်းမှာ မကောင်းပြောဆိုခဲ့သလို လက်ဝှေ့ပွဲတစ်ခု ဖြစ်နိုင်တယ်လို့တောင် နောက်ပြောင်ခဲ့ပါတယ်။

Photo Credit : Free Press Journal

ဒါကြောင့် မက်ဆီက ဘာမှ ကူးယူမှု မရှိဘူးဆိုတာကို အတည်ပြုတဲ့ တရားရုံး ဆုံးဖြတ်ချက် ရဖို့ တရားစွဲခဲ့ပါတယ်။ ဒါပေမယ့် ပေါလ်က ပြန်လှန်တရားစွဲခဲ့ပြီး Mas+ က Prime ရဲ့ ကုန်သွယ်အမှတ်တံဆိပ်ကို ချိုးဖောက်တယ်လို့ စွပ်စွဲခဲ့ပြန်ပါတယ်။

ဘောလုံးအိုင်ကွန် မက်ဆီရဲ့ ဘေးမှာ အမြဲတွေ့ရတာကြောင့် တဖြည်းဖြည်းနဲ့ နာမည်ကြီးလာခဲ့တဲ့ မက်ဆီရဲ့ သက်တော်စောင့် ချူအေကိုက ဒီကုမ္ပဏီနှစ်ခုရဲ့ အငြင်းပွားမှုကို ဖြေရှင်းဖို့ မက်ဆီ အစား သူကိုယ်တိုင် လက်ဝှေ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အဆင်သင့်ဖြစ်တယ်လို့ ပေါလ်ကို ပြောခဲ့ပါတယ်။ ပေါလ်က အထူးတပ်ဖွဲ့ဟောင်း (ex-Navy SEAL)ရဲ့ စိန်ခေါ်မှုကို မတုံ့ပြန်သေးပေမယ့် ချူအေကိုက အင်တာနက် နာမည်ကြီးသူ ပေါလ်ကို သူ့ရဲ့ စိန်ခေါ်မှုကို လက်ခံဖို့ တောင်းဆိုတဲ့ ဗီဒီယိုအသစ်တစ်ခုနဲ့ ထပ်မံ ဖိအားပေးခဲ့ပါတယ်။

Photo Credit : Goal

အင်စတာဂရမ် ပို့စ်တစ်ခုမှာ ချူအေကိုက “လိုဂန် နားထောင် ကျွန်တော် ဒီဗီဒီယိုကို လုပ်နေတာက လမ်းပေါ်မှာ လူတွေက ကျွန်တော့်ကို အများကြီး တားပြီး ပြောကြလို့ပါ။ ဒီပွဲနဲ့ ပတ်သက်ပြီး မှတ်ချက်တွေ အများကြီး ရတယ်။ အခု နောက်ပြန်လှည့်လို့ မရတော့ဘူး၊ လွတ်မြောက်ဖို့ နည်းလမ်း မရှိဘူး။ လူထုအတွက် ဒီပွဲကို လုပ်ကြရအောင်။ လုပ်မယ်လေ။” လို့ ပြောခဲ့ပါတယ်။

ပေါလ်က ဒီအဆိုပြုချက်ကို လောလောဆယ် မတုံ့ပြန်သေးပေမယ့် သူ့ရဲ့ တိုက်ခိုက်ရေး နောက်ခံကြောင့် နောက်ဆုတ်ဖို့ မဖြစ်နိုင်ပါဘူး။ အသက်(၂၉)နှစ်ရှိတဲ့ ပေါလ်ဟာ အားကစားအိုင်ကွန် ဖလွိုက် မေဝေသာနဲ့ပါ လက်ဝှေ့ တကယ်တွေ့ဆုံ ထိုးသတ်ခဲ့ဖူးပြီး ဒါပေမယ့် အဲဒီတုန်းက မေဝေသာဟာ သူ့ရဲ့ ထိပ်သီးအောင်မြင်မှု ကာလကို ကျော်ဖြတ်ပြီးချိန်မှာ ဖြစ်ခဲ့တာပါ။