အာဂျင်တီးနား ဘောလုံးသမားဟောင်းကြီး နည်းပြဟောင်းကြီးဖြစ်သူ ဆီဆာ လူးဝစ် မန်နော့တီက လီယွန်နယ် မက်ဆီအနေနဲ့ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာလည်း အာဂျင်တီးနားအသင်းနဲ့အတူ ပါဝင် ဆင်နွဲသွားဦးမယ်လို့ ဟောကိန်းထုတ် ပြောကြားသွားခဲ့ပါတယ်။

အာဂျင်တီးနား လက်ရွေးစင် စူပါစတား ကစားသမား GOAT ကြီး မက်ဆီဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းအတွက် ကမ္ဘာ့ဖလားကြီးကို ရယူပေးနိုင်ခဲ့သလို သူကိုယ်တိုင်ကလည်း ကစားသမားဘဝမှာ တစ်ခါမှ မရဖူးသေးတဲ့ World Cup ကို ဆွတ်ခူးခဲ့ရပါတယ်။

Lionel Messi could play in the 2026 World Cup in USA, Canada and Mexico |  Daily Mail Online

Photo Credit : Daily Mail

၂၀၁၄ ဘရာဇီးလ် ကမ္ဘာ့ဖလားတုန်းက ဖိုင်နယ်အထိ တက်လှမ်းနိုင်ခဲ့ပေမယ့် ဂျာမနီကို အရေးနိမ့်ပြီး ကမ္ဘာ့ဖလားနဲ့ လွဲချော်ခဲ့ရတဲ့ မက်ဆီဟာ ၂၀၂၂မှာတော့ ပြင်သစ်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူကာ ကမ္ဘာ့ဖလားကို အရ ယူဆောင်နိုင်ခဲ့ပါတယ်။

နိုင်ငံအသင်းအတွက် ကမ္ဘာ့ဖလား ကိုပါအမေရိကဖလားတို့ကို ရယူပေးနိုင်ခဲ့တဲ့ မက်ဆီဟာ ဒီနှစ်ထဲမှာ ကျင်းပမယ့် ကိုပါအမေရိကဖလားပြိုင်ပွဲကိုလည်း ပါဝင်သွားမှာ ဖြစ်သလို လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားကိုလည်း ပါဝင်ကစားသွားလိမ့်မယ်လို့ အာဂျင်တီးနား legend ကြီး မန်နော့တီက ခန့်မှန်းသွားခဲ့ပါတယ်။

Photo Credit : Clutch Points

“မက်ဆီအနေနဲ့ လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာပါ ဆက်လက် ပါဝင်သွားလိမ့်မယ်လို့ ကျွန်တော် ထင်မိပါတယ်။ ဒီလို ပါဝင်နိုင်ဖို့အတွက်က သူရဲ့ အခြေအနေတွေကို ဘယ်လို ထိန်းသိမ်းပြီး ဆက်သွားမလဲ ဆိုတဲ့အပေါ်မှာ မူတည်နေတယ် ဆိုပေမယ့် သူ့ကြည်ရတာကတော့ အဆင်ပြေပြေလေး ရှိနေသလိုပါပဲ။ ဒါပေမယ့် ဒါက အခုနေ ပြောဖို့ စောနေသေးသလို ကျန်တဲ့ကိစ္စတွေ အားလုံးထက် သူ့တစ်ယောက်တည်းအပေါ်မှာပဲ မူတည်နေပါလိမ့်မယ်။” လို့ မန်နော့တီက သုံးသပ်သွားခဲ့ပါတယ်။

လက်ရှိမှာ အသက် (၃၆)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အင်တာ မိုင်ယာမီ တိုက်စစ်မှူး မက်ဆီဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာဆိုရင်တော့ သူ့အသက်က (၃၉)နှစ်အရွယ်တောင် ရှိနေမှာ ဖြစ်သလို အဲ့ဒီအရွယ်အထိ အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ဖလားကြီးကို ဆက်လက် ဆင်နွဲသွားဦးမလား ဆိုတာကတော့ ဆက်လက် စောင့်ကြည့်သွားရပါမယ်။