မေဂျာလိဂ် နာမည်ကြီးကလပ် အင်တာ မိုင်ယာမီအသင်းရဲ့ စူပါစတား ဘောလုံးသမား လီယွန်နယ် မက်ဆီဟာ သူရဲ့ ကြံခိုင်မှု အခြေအနေတွေကြောင့် ဒီစီ ယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ရမယ့် မေဂျာလိဂ်ပွဲစဉ်ကိုပါ လွဲချော်ရနိုင်တယ်လို့ မိုင်ယာမီနည်းပြ တာတာ မာတီနိုက ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အာဂျင်တီးနား ထိပ်တန်း တိုက်စစ်ကစားသမား မက်ဆီဟာ ဒီနေ့ မနက်အစောပိုင်း နက်ရှ်ဗေးသင်းနဲ့ ကွန်ကာကပ်ဖ် ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ဒုကျော့ပွဲစဉ်မှာ ပါဝင်ခဲ့ရင်း ဒုတိယပိုင်း ပြန်စပြီး သိပ်မကြာခင်မှာပဲ ရောဘတ် တေလာနဲ့ လူစားလဲခံခဲ့ရပါတယ်။

Photo Credit : Instagram

မက်ဆီဟာ နက်ရှ်ဗေးအသင်းနဲ့ ပွဲစဉ်မှာ အသင်းဖော် လူးဝစ် ဆွာရက်ဇ်ရဲ့ အဖွင့်ဂိုးကို ဖန်တီးပေးခဲ့ပြီး သူကိုယ်တိုင်လည်း ဒုတိယမြောက်ဂိုးကို သွင်းယူခဲ့ပေမယ့် နည်းပြ မာတီနိုကတော့ ပွဲကစားချိန် မိနစ် (၅၀)မှာပဲ မက်ဆီကို တေလာနဲ့ လူစားလဲသွားခဲ့ပါတယ်။

ဒီလို လူစားလဲခဲ့ရခြင်းနဲ့ ပတ်သက်ပြီး နည်းပြ မာတီနိုက “လီယိုရဲ့ ညာဘက် တံကောက်ကြောနေရာက အနည်းငယ်လေး အဆင်မပြေ ဖြစ်နေတာကို ကျွန်တော်တို့ သတိထားမိတယ်။ ဒါကြောင့် ကျွန်တော်တို့တွေက ဒီအခြေအနေမှာ ဘယ် risks ကိုမှ မယူဖို့ ဆုံးဖြတ်လိုက်ရတာပါ။”

Photo Credit : Red Goal

“ကျွန်တော်တို့တွေ သူ ဆက်ပြီး ကစားနိုင်ဦးမလားဆိုပြီး စောင့်ကြည့်နေသေးတယ်။ ဒါပေမယ့် ဒါက သူ့ကို အနှောင့်အယှက် ပေးလာတော့ လူစားလဲဖို့ကိုပဲ ဆုံးဖြတ်လိုက်ရပါတယ်။ နောက်ပြီး ဒီပုံစံအရဆိုရင်တော့ သူက စနေနေ့ပွဲကို ပါဝင်သွားဖို့ကလည်း အဆင်သင့် ဖြစ်မနေနိုင်ပါဘူး။” လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

မာတီနိုရဲ့ ပြောဆိုချက်အရဆိုရင်တော့ မက်ဆီဟာ ဒီရာသီမှာ ဒုတိယမြောက် မေဂျာလိဂ်ပွဲစဉ်တစ်ပွဲကို ထပ်မံ လွဲချော်သွားရဖို့ ရှိနေပြီး မွန်တီရယ်လ်အသင်းကို အိမ်ကွင်းမှာ ဧည်ခံခဲ့တဲ့ ပွဲစဉ်ကိုလည်း မက်ဆီ လွဲချော်ထားခဲ့ရသေးသလို အဲ့ဒီပွဲမှာပဲ မိုင်ယာမီဟာလည်း ရှုံးပွဲ ကြုံတွေ့ခဲ့ရပါတယ်။