လီယွန်နယ် မက်ဆီကတော့ လာမယ့် (၁၈)ရက်နေ့မှာ ယှဉ်ပြိုင်သွားရမယ့် ပီရူး နဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်မှာ အာဂျင်တီးနားအတွက် ပွဲထွက် ကစားသမားအဖြစ် ပြန်လည် ကစားပေးနိုင်တော့မယ်လို့ သိရပါတယ်။

အာဂျင်တီးနားအသင်းရဲ့ အဓိက ကစားသမားကြီးတစ်ဦးဖြစ်သူ မက်ဆီက ပြီးခဲ့တဲ့ ပါရာဂွေးအသင်းနဲ့ ပွဲစဉ်အတွင်း အာဂျင်တီးနားအတွက် ဒုတိယပိုင်း ပွဲကစားချိန်မှသာ ပါဝင်ခဲ့ရပြီး အခု ပီရူးနဲ့ပွဲစဉ်မှသာ အသင်းအတွက် ပွဲထွက် ကစားသမားအဖြစ် ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

Photo Credit : Semana

မက်ဆီဟာ သူရဲ့လက်ရှိကလပ် အင်တာမိုင်ယာမီအသင်းအတွက် မေဂျာလိဂ်ပွဲစဉ်ကို ပါဝင်ကစားရင်း တိုရန်တိုနဲ့ ပွဲစဉ် ပထမပိုင်း ပွဲချိန်မှာ ကြွက်သားဒဏ်ရာ ရရှိခဲ့တဲ့ မက်ဆီဟာ မိုင်ယာမီအသင်းရဲ့ ပွဲစဉ် (၄)ပွဲလုံးကို လွဲချော်ခဲ့ရပါတယ်။

အဲ့ဒီပွဲစဉ်တွေထဲမှာ ဟူစတန် ဒိုင်နမိုအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ US Open Cup ရှုံးထွက်ဖလား ဗိုလ်လုပွဲပါ ပါဝင်ခဲ့ပြီး ဒီပွဲမှာတော့ မက်ဆီ မပါဝင်နိုင်တဲ့ မိုင်ယာမီက ဟူစတန်ကို ရှုံးနိမ့်ရင်း ဆုဖလားတစ်လုံးနဲ့ လွဲချော်ခဲ့ရပါတယ်။

Photo Credit : USA Today

မက်ဆီ ဒဏ်ရာရရှိပြီးနောက်ပိုင်း မိုင်ယာမီက (၅)ပွဲဆက်တိုက်အထိ နိုင်ပွဲပျောက်ဆုံးခဲ့ရပေမယ့်လည်း မက်ဆီကတော့ သူရဲ့နိုင်ငံလက်ရွေးစင်အသင်း အာဂျင်တီးနားအတွက် အချိန်မီ ပြန်ကစားပေးနိုင်ခဲ့ပြီး အခုဆိုရင်လည်း အသင်းအတွက် ပွဲထွက် ကစားသမားအဖြစ်နဲ့ပါ ကစားပေးနိုင်ပါတော့မယ်။

မက်ဆီဟာ လာမယ့် (၂၂)ရက်နေ့ မိုင်ယာမီအတွက် မေဂျာလိဂ် ဘောလုံးရာသီအပိတ်ပွဲ ကစားပြီးတာနဲ့ (၄)လလောက်အထိ အနားယူသွားရမှာ ဖြစ်ပေမယ့်လည်း အဲ့ဒီအချိန်မှာ တခြားအသင်းတွေဆီ အငှားကစားဖို့ထက် အာဂျင်တီးနားအသင်းအတွက် နဲ့ မိုင်ယာမီအသင်းတွေအတွက် ဆက်လက် အာရုံစိုက်ပေးသွားဖွယ်သာ ရှိနေပါတယ်။