ကမ္ဘာ့ချန်ပီယံ တိုက်စစ်ကစားသမားကြီး လီယွန်နယ် မက်ဆီနဲ့ မိသားစုဝင်တစ်ဦးလို ရင်းနှီးကျွမ်းဝင်နေတဲ့ မိတ်ဆွေသူငယ်ချင်းတစ်ဦးက မက်ဆီဟာ အခုလက်ရှိ သူရဲ့ကလပ် အင်တာ မိုင်ယာမီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ အသင်းဟောင်းဖြစ်တဲ့ ဘာစီလိုနာအသင်းဆီ ပြန်လာလိမ့်မယ်လို့ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။
လာမာစီယာ အကယ်ဒမီထွက် ဘာလွန်းဒေါဆု (၈)ကြိမ်ရ အာဂျင်တီးနား ဂန္တဝင်ကစားသမား မက်ဆီဟာ ၂၀၂၃ကတည်းက ပီအက်စ်ဂျီကနေ အင်တာ မိုင်ယာမီဆီ ပြောင်းရွှေ့ခဲ့ပြီး မိုင်ယာမီအတွက် လိဂ်ဖလားနဲ့ MLS Supporters Shield တို့ကိုလည်း ရယူပေးနိုင်ခဲ့သလို သူကိုယ်တိုင်လည်း ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားအဖြစ်ပါ ရွေးချယ်ခံခဲ့ရပါတယ်။
Photo Credit : CNN
ဒါပေမယ့် မက်ဆီက လက်ရှိမှာ မိုင်ယာမီနဲ့ စာချုပ်သက်တမ်း တစ်နှစ်ဝန်းကျင်လောက်သာ ကျန်ရှိနေတော့တာဖြစ်ပြီး လာမယ့် ၂၀၂၆မှာဆိုရင်ပဲ မိုင်ယာမီနဲ့ စာချုပ်ကုန်ဆုံးပါတော့မယ်။ မိုင်ယာမီဘက်ကတော့ သူတို့အသင်းရဲ့ အဓိက ကစားသမား မက်ဆီကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ကြိုးပမ်းမှာ ဖြစ်ပေမယ့် မက်ဆီကတော့ စာချုပ်သက်တမ်းတိုးဖို့ထက် အသင်းဟောင်းဆီသာ ပြန်သွားဖွယ် ရှိနေပါတယ်။
ဒီအကြောင်းကိစ္စနဲ့ ပတ်သက်ပြီး မက်ဆီရဲ့ သူငယ်ချင်းဖြစ်သူက “သူဒီနေရာမှာ ပျော်ရွှင်နေပေမယ့် ဒီအသင်းနဲ့ စာချုပ်ပြည့်သွားပြီဆိုရင်တော့ ဘာစီလိုနာအသင်းဆီ ပြန်သွားမယ်လို့ ပြောပါတယ်။ နောက်ပြီး သူရဲ့နေရာက အဲ့ဒီ(ဘာစီလိုနာ)မှာလို့လည်း ပြောခဲ့ပါသေးတယ်။” လို့ အင်တာဗျူးတစ်ခုမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
Photo Credit : Clutch Points
လက်ရှိမှာ အသက်(၃၇)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ GOAT ကြီး မက်ဆီဟာ ၂၀၀၄ခုနှစ်ကတည်းက ဘာစီလိုနာ စီနီယာအသင်းအတွက် ကစားခွင့် ရရှိခဲ့ပြီး တဖြည်းဖြည်းနဲ့ အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့သလို အသင်းလိုက် ဆုဖလားများစွာရော တစ်ဦးချင်း ဆုတွေပါ ဆွတ်ခူးနိုင်ခဲ့ရပါတယ်။
၂၀၂၁မှာတော့ ဘာစီလိုနာက ဘဏ္ဍာရေး အကျပ်အတည်းတွေ ကြုံနေရချိန် မက်ဆီကို သက်တမ်းမတိုးနိုင်တော့ဘဲ ပီအက်စ်ဂျီအသင်းထံ အလွတ်နဲ့ လက်လွတ်ခဲ့ရပြီး မက်ဆီလည်း ပီအက်စ်ဂျီအတွက် (၂)ရာသီ ကစားပြီးချိန်မှာ အင်တာ မိုင်ယာမီအသင်းဆီ ထပ်မံ ပြောင်းရွှေ့ခဲ့ပြန်ပါတယ်။ မက်ဆီက မိုင်ယာမီမှာတော့ ဘာစီလိုနာ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဆွာရက်ဇ် ဘူးစကွက်စ် အယ်လ်ဘာတို့နဲ့အတူ တွဲဖက် ကစားနေရပါတယ်။