နယူးအင်္ဂလန် ရီဗော်လူရှင်းအသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ လီယွန်နယ် မက်ဆီဟာ ၂ ဂိုးသွင်းယူပြီး အင်တာ မိုင်ယာမီကို ၁-၂ နဲ့ အဝေးကွင်းနိုင်ပွဲရအောင် ဦးဆောင်ပေးခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် အင်တာ မိုင်ယာမီအသင်းဟာ MLS ပြိုင်ပွဲမှာ (၄)ပွဲဆက်တိုက် နိုင်ပွဲရခဲ့ပြီး ရှုံးပွဲမရှိ စံချိန်ကိုလည်း (၅)ပွဲအထိ တိုးမြှင့်နိုင်ခဲ့ပါတယ်။

ဒီနေ့ မနက်အစောပိုင်းက ကစားခဲ့တဲ့ ဒီပွဲစဉ်မှာ မက်ဆီဟာ မေဂျာလိဂ် သမိုင်းတစ်လျှောက် ပထမဆုံး ကစားသမားအဖြစ် (၄)ပွဲဆက်တိုက် ၂ ဂိုးနဲ့အထက် သွင်းယူနိုင်တဲ့ စံချိန်သစ်ကို တင်နိုင်ခဲ့ပါတယ်။ ဒီပွဲစဉ်ကို နယူးအင်္ဂလန်အသင်းရဲ့ အိမ်ကွင်း Gillette Stadium မှာ ပရိသတ် (၄၃၂၉၃)ယောက် လာရောက်အားပေးခဲ့ပြီး ဒီရာသီရဲ့ အိမ်ကွင်းပွဲစဉ်တွေထဲမှာ အများဆုံး ပရိသတ်လာရောက်ခဲ့တဲ့ပွဲလည်း ဖြစ်ခဲ့ပါတယ်။

Photo Credit : Goal

ပွဲစပြီး(၂၇)မိနစ်မှာပဲ မက်ဆီက အင်တာ မိုင်ယာမီအတွက် ဦးဆောင်ဂိုးကို သွင်းယူခဲ့ပါတယ်။ နယူးအင်္ဂလန် ခံစစ်မှူး တန်နာ ဘီဆန်က သူ့ရဲ့ဂိုးသမား အယ်လ်ဂျက်ဇ် အိုင်ဗာဆစ်ဆီ ခေါင်းတိုက်ပြန်ပေးဖို့ ကြိုးစားခဲ့ရာကနေ မက်ဆီက ကြားဖြတ်ဖျက်ထုတ်ပြီး ပိုက်ထဲကို အလွယ်တကူ သွင်းယူခဲ့တာပါ။

(၁၁)မိနစ်အကြာမှာတော့ မက်ဆီက မိုင်ယာမီအတွက် ဒုတိယဂိုးကို ထပ်သွင်းခဲ့ပါတယ်။ ဆာဂျီယို ဘူးစကွက်စ်ရဲ့ လှပတဲ့ ဘောလုံးပေးပို့မှုကနေ အိုင်ဗာဆစ်ရဲ့ ခန္ဓာကိုယ်အောက်ကနေ ဘောလုံးကို အေးဆေးစွာ ပို့သွင်းယူခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Goal

နယူးအင်္ဂလန်အသင်းဟာ ပွဲထဲကို ပြန်ရောက်လာဖို့ အခွင့်အရေးတွေ အများကြီးရခဲ့ပေမဲ့ ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်းမရှိဘဲ ရုန်းကန်ခဲ့ရပါတယ်။ ပွဲပြီးခါနီး (၁၀)မိနစ်အလိုမှပဲ ကွင်းလယ်လူ ကားလက်စ် ဂေးလ်က တိုမတ်စ် အဗီးလက်စ်ကို ကျော်ဖြတ်ပြီး အဝေးကနေ အားပါတဲ့ ကန်သွင်းမှုနဲ့ ချေပဂိုးတစ်ဂိုး ရခဲ့ပါတယ်။ ဒါပေမဲ့ အချိန်နှောင်းသွားခဲ့ပြီး နောက်ထပ် ချေပဂိုးရဖို့ မတတ်နိုင်တော့တာကြောင့် နယူးအင်္ဂလန်အသင်း အိမ်ကွင်းမှာ ရှုံးပွဲကြုံခဲ့ရပါတယ်။

ဖီဖာ ကလပ် ကမ္ဘာ့ဖလားပွဲကနေ ပြန်လာပြီးနောက် အင်တာ မိုင်ယာမီဟာ (၂)ပွဲဆက်တိုက် နိုင်ပွဲတွေ ရရှိထားပါတယ်။ ဗုဒ္ဓဟူးနေ့ညက နိုင်ပွဲနဲ့အတူ အင်တာ မိုင်ယာမီဟာ ဒီရာသီ (၁၈)ပွဲကစားပြီး (၃၅)မှတ် ရရှိထားတာကြောင့် အရှေ့ပိုင်း ကွန်ဖရင့်ဇယားမှာ အဆင့်(၅)နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ထိပ်ဆုံးက FC စင်စင်နာတီအသင်းထက် (၇)မှတ်နောက်ကျနေပေမဲ့ အင်တာ မိုင်ယာမီက (၃)ပွဲ လျော့ကစားထားပါသေးတယ်။