ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီနဲ့ အာဂျင်တီးနားတို့ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး လီယွန်နယ် မက်ဆီက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အာဂျင်တီးနားနဲ့ ပနားမားတို့ရဲ့ နိုင်ငံတကာခြေစမ်းပွဲမှာ သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် သူ့ရဲ့ ကစားသမားဘဝ သွင်းဂိုး ၈၀၀ဂိုး ပြည့်သွားခဲ့ကြောင်း သိရပါတယ်။

ပူပူနွေးနွေး ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားက ကမ္ဘာ့ဖလား ရပြီးနောက် ပထမဦးဆုံး ပြန်ကစားရတဲ့ ခြေစမ်းပွဲကို ကိုယ့်နိုင်ငံရဲ့ ပရိသတ်တွေ အရှေ့မှာ ကစားဖို့ စီစဉ်ခဲ့ပြီး ကွန်ကာကပ်ဖ်ဇုန်အသင်း ဖြစ်တဲ့ ပနားမားဟာ အာဂျင်တီးနားနဲ့ ခြေစမ်းပွဲ ကစားဖို့ လက်ခံခဲ့ပါတယ်။

Photo Credit: Keep Up

အာဂျင်တီးနားနဲ့ ပနားမားတို့ရဲ့ ခြေစမ်းပွဲမှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးခဲ့ကြပြီး အိမ်ရှင်လည်းဖြစ် ၊ ကမ္ဘာ့ဖလား ချန်ပီယံလည်း ဖြစ်တဲ့ အာဂျင်တီးနားက ပနားမားကို ပွဲစပွဲဆုံး ကစားပုံအသာ ၊ ခြေစွမ်းအသာ ၊ စိတ်ဓာတ်အသာနဲ့ ကစားသွားနိုင်ခဲ့ပါတယ်။

ဒါပေမယ့် အာဂျင်တီးနားက သွင်းဂိုးတွေ သွင်းယူနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ပွဲချိန် ၇၈မိနစ် ရောက်မှ လူစားဝင် လူငယ်ကြယ်ပွင့် အယ်မာဒါက အာဂျင်တီးနား အတွက် အဖွင့်ဂိုးကို စတင် သွင်းယူပေးခဲ့ကာ ပွဲချိန် ၈၉မိနစ်မှာတော့ မက်ဆီက အာဂျင်တီးနား အတွက် ပွဲသိမ်းဂိုးကို သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Keep Up

အာဂျင်တီးနား ၂-၀ ပနားမား ပွဲစဉ်မှာ သွင်းဂိုး တဂိုး သွင်းယူနိုင်ခဲ့တာကြောင့် မက်ဆီက သူ့ရဲ့ ကစားသမား ဘဝတလျှောက် သွင်းဂိုး ၈၀၀ဂိုး ပြည့်သွားခဲ့ပြီး မက်ဆီဟာ သူ့ရဲ့ မဟာပြိုင်ဘက် ရိုနယ်ဒိုပြီးနောက် ဘောလုံးသမိုင်းမှာ သွင်းဂိုး ၈၀၀ဂိုး ပြည့်ခဲ့တဲ့ ဒုတိယမြောက် ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

မက်ဆီက သူ့ရဲ့ သွင်းဂိုး ၈၀၀ဂိုး အနက် ၆၇၂ဂိုးကို ဘာစီလိုနာ တသင်းထဲ အတွက် သွင်းယူပေးခဲ့တာ ဖြစ်ပြီး မက်ဆီဟာ အာဂျင်တီးနား အတွက် သွင်းဂိုး ၉၉ဂိုးနဲ့ ပီအက်စ်ဂျီ အတွက် သွင်းဂိုး ၂၉ဂိုး အသီးသီး သွင်းယူပေးထားပါတယ်။