အမေရိကန် မေဂျာလိဂ် အမှတ်ပေးပွဲစဉ်မှာ အင်တာ မိုင်ယာမီအသင်းဟာ အော်လန်ဒို စီးတီးအသင်းကို ၀-၃ နဲ့ ရှုံးနိမ့်ခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၇)ပွဲအတွင်း (၁)ပွဲတည်းသာ အနိုင်ရထားခဲ့သလို (၅)ပွဲအထိ ရှုံးနိမ့်ခဲ့ပါတယ်။
ဒီပွဲစဉ် ပထမပိုင်း (၄၃)မိနစ်မှာ အော်လန်ဒို စီးတီးနောက်ခံလူတစ်ဦးက သူ့ရဲ့ (၆)ကိုက်စည်းအတွင်း ဘောလုံးကို ဂိုးသမား ဂယ်လက်ဆေးဆီ ပေးပို့ခဲ့ရင်း ဂယ်လက်ဆေးက ဘောလုံးကို ထိန်းချုပ်ပြီးနောက် လက်နဲ့ ကောက်ကိုင်ခဲ့ပါတယ်။ မက်ဆီက ဂယ်လက်ဆေးဟာ နောက်ပြန်ပေးဘောကို တရားမဝင် လက်နဲ့ကိုင်တွယ်ခဲ့ကြောင်း ဒိုင်လူကြီးကို ကန့်ကွက်ခဲ့ပေမယ့် ဒိုင်လူကြီးကတော့ လျစ်လျူရှုခဲ့ပါတယ်။ အဲ့ဒီနောက် ဂယ်လက်ဆေး ကန်တင်လိုက်တဲ့ ဘောလုံးကနေတဆင့် အော်လန်ဒိုစီးတီးအတွက် ဂိုးရရှိသွားခဲ့ပါတယ်။
Photo Credit : World Soccer Talk
ပွဲအပြီးမှာတော့ မက်ဆီက အင်တာဗျူးတစ်ခုမှာ “ကျွန်တော်တို့ ပထမပိုင်းမှာ တကယ်ကောင်းကောင်းကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ တိုက်စစ်ဆင်ပြီး ဂိုးအခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့တယ်။ သူတို့က ကျွန်တော်တို့ကို မတားဆီးနိုင်ခဲ့ပါဘူး။ သူတို့လုပ်နိုင်တာတစ်ခုက ဘောလုံးအဝေးကြီးတွေ ကန်တင်ဖို့ပဲရှိတယ်။ အဲ့ဒီနောက်မှာ ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့တယ်။ သူတို့ ကစားသမားတစ်ယောက်က သူတို့ဂိုးသမားဆီ ဘောလုံးနောက်ပြန်ပေးလိုက်တယ်၊ ဒိုင်လူကြီးက ကျွန်တော့်ကို ဒီစည်းမျဉ်းကို သူ မသိဘူး၊ နားမလည်ဘူးလို့ ပြောခဲ့တယ်။ အဲ့ဒီအဖြစ်အပျက်ကနေ ဘောလုံးအဝေးကြီး ကန်တင်တာဖြစ်သွားပြီး အဆုံးမှာ ဂိုးပေးလိုက်ရတယ်။”
“တစ်ခါတလေ နောက်ဆုံးပွဲစဉ်မှာလိုမျိုး ဆိုးရွားတဲ့ အမှားအယွင်းတွေ ရှိတတ်ပါတယ်။ ဒါတွေက ဆင်ခြေတွေတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်က အမြဲတမ်း ပြဿနာ ရှိနေတတ်တယ်။ မေဂျာလိဂ်ဘောလုံးအဖွဲ့ချုပ်အနေနဲ့ ဒိုင်ကိုင်တွယ်မှုအပိုင်းကို ပိုပြီး အနီးကပ်ကြည့်ရှုသင့်တယ်လို့ ကျွန်တော်ထင်တယ်။”
Photo Credit : The New York Times
“နောက်ထပ်ပွဲတစ်ပွဲ ရှုံးနိမ့်ရတာကတော့ နာကျင်စရာပါပဲ။ ကျွန်တော်တို့ ရလဒ်မကောင်းတာတွေ ဆက်တိုက်ကြုံတွေ့ခဲ့ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဆက်ပြီး ကြိုးစားရမှာဖြစ်သလို ရှေ့ဆက်ရမယ့် အရာတွေကိုပဲ အာရုံစိုက်ရပါမယ်။ ဒီလထဲမှာ ကျွန်တော်တို့ ကစားဖို့ (၃)(၄)ပွဲလောက် ကျန်ပါသေးတယ်။ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အကောင်းဆုံး အခြေအနေမှာရှိနေအောင် အဆုံးသတ်ပိုင်းကို ကောင်းကောင်းလုပ်ပြဖို့လိုပါတယ်။ ကျွန်တော်တို့ ရှေ့ဆက်ရမှာပဲ။ ဘာလို့လဲဆိုတော့ ဒါက ခက်ခဲတဲ့အချိန်ဖြစ်ပေမဲ့ အားလုံးအတူတကွ ကျော်ဖြတ်သွားနိုင်မှာပါ။”
“အခုချိန်မှာ ကျွန်တော်တို့ ခက်ခဲတဲ့အချိန်တွေမှာ တကယ့်အသင်းတစ်သင်း ဟုတ်မဟုတ်ဆိုတာကို မြင်တွေ့ရတော့မှာပါ။ အရာအားလုံး အဆင်ပြေနေချိန်မှာတော့ လွယ်ကူတာပေါ့။ ဒါပေမဲ့ ဒီလိုအချိန်မျိုးမှာ ကျွန်တော်တို့ စည်းလုံးညီညွတ်ဖို့ တကယ့်အသင်းတစ်သင်းဖြစ်ဖို့နဲ့ ဆက်လက် တိုက်ပွဲဝင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့အသင်းရဲ့ အလားအလာကို ယုံကြည်တယ်။ အခုတော့ ဖီလာဒဲလ်ဖီးယား ယူနီယံနဲ့ပွဲအတွက် ပြင်ဆင်ရပါတော့မယ်။” လို့ ပြောကြားခဲ့ပါတယ်။