လီယွန်နယ် မက်ဆီ ၊ လူးဝစ် ဆွာရက်ဇ်နဲ့ နေမာတို့ (၃)ဦးရဲ့ MSN တိုက်စစ်အတွဲဆိုတာ ဘာစီလိုနာအသင်း သမိုင်းတစ်လျှောက်သာမကပဲ ဥရောပရဲ့ အကောင်းဆုံးသော Attacking Trio လို့ပါ သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဘောလုံးပရိသတ်တိုင်းဟာလည်း MSN တိုက်စစ်အတွဲကို နောက်တစ်ကြိမ် ပြန်လည် မြင်တွေ့ချင်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မက်ဆီနဲ့ ဆွာရက်ဇ်တို့က မေဂျာလိဂ်ကလပ် အင်တာ မိုင်ယာမီအသင်းမှာ တွဲဖက် ကစားနေရသလို နေမာကတော့ ဆော်ဒီမြေရဲ့ ချန်ပီယံအသင်း အယ်လ်ဟီလာမှာ ကစားနေတာ ဖြစ်ပေမယ့် ဒဏ်ရာပြသာနာတွေကြောင့် တစ်ရာသီနီးပါးလုံး အနားယူနေရပါတယ်။

Photo Credit : Inter Miami News

တကယ်တော့ မက်ဆီက ဆွာရက်ဇ်နဲ့ အခုလို ပြန်လည် တွဲဖက်မကစားခင် နေမာနဲ့ ပီအက်စ်ဂျီအသင်းမှာ ပြန်လည် ဆုံတွေ့ခဲ့ပြီး (၂)ရာသီနီးပါးအထိ တွဲဖက်ကစားခဲ့ရပါသေးတယ်။ ဒီရာသီမှာတော့ မက်ဆီဟာ ဆွာရက်ဇ်နဲ့အတူ အင်တာ မိုင်ယာမီမှာ တွဲဖက် ကစားနေရပြီး နှစ်ဦးပေါင်း သွင်းဂိုးတွေ ဂိုးဖန်တီးမှုတွေ များစွာ လုပ်ဆောင်ထားကြပါတယ်။

လက်ရှိမှာဆိုရင်လည်း မိုင်ယာမီမှာ မက်ဆီ ဆွာရက်ဇ် ဘူးစကွက် အယ်လ်ဘာတို့လို ဘာစီလိုနာ ကစားသမားဟောင်းတွေ တစ်စုတစ်စည်းတည်း ရှိနေကြပြီး တကယ်လို့ နေမာသာ ထပ်ရောက်လာမယ်ဆိုရင်တော့ MSN တိုက်စစ်အတွဲအဖက်ကိုရော တစ်ချိန်က ဘာစီလိုနာမှာ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ကြတဲ့ ကစားသမားအစုအဖွဲ့ကိုပါ ပြန်လည် မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

Photo Credit : Youtube

နေမာနဲ့ ပတ်သက်ပြီး မက်ဆီက “ကျွန်တော်တို့တွေ မကြာမကြာ စကားပြောဖြစ်တယ်။ လူးဝစ်(ဆွာရက်ဇ်)အပါအဝင် ကျွန်တော်တို့ (၃)ယောက်မှာ gorup chat တစ်ခုတောင် ရှိနေပါသေးတယ်။ နေမာက စပိန်လို ပြောတာ ကျွမ်းကျင်နေရာပဲ။ သူ့ကို ဒီကို လာဖို့အတွက် မက်ဆေ့ချ်လေးတစ်ခု ပေးချင်လားဆိုတော့ ကျွန်တော် မသိပါဘူး။ အခုက ခက်ခဲပါတယ်။”

“အခု နေမာက ဆော်ဒီ အာရေဗျမှာ။ နောက်ပြီး သူက အဲ့ဒီမှာ စာချုပ်သက်တမ်း တစ်နှစ်လည်း ရှိနေတယ်လို့ ကျွန်တော် ထင်ပါတယ်။ သူ့မှာ ခက်ခဲတဲ့ နှစ်တစ်နှစ် ရှိခဲ့ပြီး အချိန်အတော်ကြာ ဒဏ်ရာရနေခဲ့ပါတယ်။ ဒါက သူ့အတွက် ခက်ခဲနေပါမယ်။ ဒါတွေပြီးသွားရင်တော့ ဘာဖြစ်လာမလဲဆိုတာ ကျွန်တော် မသိပါဘူး။ ဘာမဆိုဖြစ်နိုင်တယ် ဆိုပေမယ့်လည်း အခုလောလောဆယ်မှာတော့ ဘာမှမဖြစ်နိုင်ဘူးလို့ပဲ ထင်ပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။