ပူပူနွေးနွေး ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုရှင် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ အာဂျင်တီးနား တသင်းလုံးကို ရွှေအစစ်နဲ့ လုပ်ထားတဲ့ i Phone 14တွေ လက်ဆောင်ပေးဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

လီယွန်နယ် မက်ဆီ ဦးဆောင်နေတဲ့ အာဂျင်တီးနားက ကာတာမြေမှာ ကျင်းပခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လက်ရှိ ကမ္ဘာ့ချန်ပီယံ ပြင်သစ်ကို ဗိုလ်လုပွဲမှာ အနိုင်ယူကာ ကမ္ဘာ့ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: The Sun

လီယွန်နယ် မက်ဆီက တခေတ်မှာ တယောက် ပေါ်တဲ့ ကစားသမားမျိုးလို့ တင်စားခံရတဲ့ အထိ ထူးချွန်တဲ့ ပါရမီရှင် တဦး ဖြစ်ပေမယ့် အာဂျင်တီးနား အတွက် ကမ္ဘာ့ဖလား မယူဆောင်ပေးနိုင်လို့ ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ကြုံခဲ့ရပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ မက်ဆီက သူ့ပခုံးပေါ်မှာ ရှိနေတဲ့ သမိုင်းပေး တာဝန်ကြီးကို အသင်းဖော်တွေ ၊ စကိုလာရီ ဦးဆောင်တဲ့ နည်းပြအဖွဲ့ဝင်တွေရဲ့ အကူအညီတွေကြောင့် ကျေပွန်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ လီယွန်နယ် မက်ဆီက သူ့ရဲ့ အသင်းဖော်တွေနဲ့ နည်းပြအဖွဲ့ကို ကျေးဇူးတင်တဲ့အနေနဲ့ ရွှေသားအစစ်တွေနဲ့ ပြုလုပ်ထားတဲ့ i phone 14တွေကို လက်ဆောင်ပေးဖို့ ဆုံးဖြတ်ခဲ့ပြီး မက်ဆီက ရွှေသားနဲ့ ဇိမ်ခံပစ္စည်းတွေ ပြုလုပ်ရာမှာ နာမည်ကြီးတဲ့ idesigngoldဆီ သွားကာ သူ့အသင်းဖော်တွေ အတွက် လက်ဆောင်ပစ္စည်းတွေကို လုပ်ပေးဖို့ အော်ဒါအပ်ခဲ့ပါတယ်။

Photo Credit: The Sun

မက်ဆီ တယောက် သူ့ဆီကို ရောက်လာကာ ရွှေသားအစစ်နဲ့ လုပ်ထားတဲ့ အိုင်ဖုန်းတွေ မှာသွားတဲ့ အကြောင်းကို idesigngoldက သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာပေါ်မှာ အခုလိုပဲ တင်ခဲ့ပါတယ်။ idesigngoldက – “လီယွန်နယ် မက်ဆီက သူ့ရဲ့ အသင်းဖော်တွေ ၊ နည်းပြအဖွဲ့ဝင်တွေကို လက်ဆောင်အဖြစ် ပေးမယ့် ရွှေနဲ့ လုပ်ထားတဲ့ i phone 14 ၃၅လုံးကို လုပ်ပေးခွင့်ရလို့ အရမ်းကို ဂုဏ်ယူမိပါတယ်” ဆိုပြီး တင်ခဲ့တာလည်း ဖြစ်ပါတယ်။