အင်တာ မိုင်ယာမီအသင်းရဲ့ အာဂျင်တီးနား စူပါစတား ကစားသမား GOAT ကြီး လီယွန်နယ် မက်ဆီဟာ အာဂျင်တီးနား အသင်းဖော်ဟောင်းဖြစ်သူ နောက်ခံကစားသမား မားကို့စ် ရိုဟိုကိုပါ မိုင်ယာမီအသင်းဆီ ပြောင်းရွှေ့လာနိုင်ဖို့အတွက် ကြိုးပမ်းလျက် ရှိနေတယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးချိန် ဒေးဗစ် ဘက်ခမ်း ပူးတွဲ ပိုင်ဆိုင်ထားတဲ့ မေဂျာလိဂ်ကလပ် အင်တာ မိုင်ယာမီအသင်းဆီ ပြောင်းရွှေ့လာခဲ့တဲ့ မက်ဆီဟာ သူနဲ့အတူ သူရဲ့ ဘာစီလိုနာ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဆာဂျီယို ဘူးစကွက်စ် နဲ့ ယော်ဒီ အယ်လ်ဘာတို့ကိုပါ မိုင်ယာမီအသင်းဆီ ခေါ်ဆောင်လာနိုင်ခဲ့ပါတယ်။

Photo Credit : Mundo Deportivo

လက်ရှိမှာဆိုရင်လည်း မက်ဆီက သူနဲ့ အသင်းဖော်ဟောင်းတွေလည်း ဖြစ်ခဲ့သလို ညီအစ်ကိုလို ဆက်ဆံရေးမျိုးပါ ရှိနေတဲ့ လူးဝစ် ဆွာရက်ဇ်ကိုပါ မိုင်ယာမီမှာ ပြန်လည် လက်တွဲသွားရတော့မှာ ဖြစ်တဲ့အပြင် နောက်ထပ် အသင်းဖော်ဟောင်းတစ်ဦးဖြစ်တဲ့ ရိုဟိုကိုလည်း အသင်းဆီ ပြောင်းလာနိုင်အောင် ကြိုးပမ်းနေပါတယ်။

အသက် (၃၃)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ရိုဟိုဟာ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ကစားသမားဘဝကို အချိန်တစ်ခုကြာအောင် ဖြတ်သန်းခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ အာဂျင်တီးနား ထိပ်သီးကလပ် ဘိုကာဂျူနီယာအသင်းမှာ ပါဝင်ကစားနေပါတယ်။

Photo Credit : Blame Football

ဗဟိုခံစစ်မှူး ရိုဟိုဟာ အာဂျင်တီးနား လက်ရွေးစင်အသင်းအတွက်ကိုလည်း ပွဲပေါင်း (၆၁)ပွဲအထိ ပါဝင်ကစားခဲ့ဖူးပြီး မက်ဆီနဲ့ အသင်းဖော်တွေအဖြစ် တောက်လျှောက် ကစားခဲ့ရပါတယ်။ လက်ရှိမှာတော့ ရိုဟိုဟာ ဘိုကာဂျူနီယာနဲ့ ၂၀၂၅ခုနှစ်အထိ စာချုပ် ကျန်ရှိနေသေးပေမယ့် မိုင်ယာမီအသင်းရဲ့ ပစ်မှတ် ကစားသမားစာရင်းမှာတော့ ပါဝင်လျက် ရှိနေပါတယ်။

အတွေ့အကြုံကောင်းတွေ အမြောက်အများ ပိုင်ဆိုင်ထားတဲ့ ခံစစ်မှူး ရိုဟိုကို မိုင်ယာမီ နည်းပြကြီး မာတီနိုကိုယ်တိုင် သဘောကျနေသလို မက်ဆီကလည်း သူရဲ့လက်ရွေးစင် အသင်းဖော်ဟောင်းကို သူတို့ မိုင်ယာမီအသင်းဆီ လာရောက် ကစားစေချင်နေပါတယ်။