ပြင်သစ် လီဂူးဝမ်း ထိပ်သီးအသင်း တသင်း ဖြစ်တဲ့ ပီအက်စ်ဂျီရဲ့ ကြယ်ပွင့် တိုက်စစ်မှူး တဦး ဖြစ်သူ လီယွန်နယ် မက်ဆီက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ပီအက်စ်ဂျီကနေ ထွက်ခွာဖြစ်ခဲ့ပါက အသင်းဟောင်း ဘာစီလိုနာအစား ဆရာဟောင်း ပပ် ဂွာဒီယိုလာ ရှိနေတဲ့ မန်ချက်စတာ စီးတီးဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းဌာန တချို့က ဖော်ပြလာကြပါတယ်။

အသက် ၃၅နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက လက်ရှိချိန်အထိ ကမ္ဘာ့အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး မက်ဆီက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အာဂျင်တီးနားနဲ့အတူ ဗိုလ်စွဲနိုင်ခဲ့သူပါ။

Photo Credit: Guardian

မက်ဆီက ကမ္ဘာ့အကောင်းဆုံး ကစားသမား တဦး ဖြစ်ပေမယ့် သူနဲ့ ပီအက်စ်ဂျီ အသင်းဖော်တွေ ကြားထဲမှာ ဆက်ဆံရေး အဆင်မပြေမှုတွေ ရှိနေပြီး ပီအက်စ်ဂျီမှာ အသားကျဖို့ ရုန်းကန်နေရတာကြောင့်ပဲ မက်ဆီက ပီအက်စ်ဂျီနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေ အားလုံးကို ရပ်ဆိုင်းကာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ပီအက်စ်ဂျီ ကနေ အလွတ်နဲ့ ထွက်ခွာဖို့ ပြင်ဆင်နေပါတယ်။

ကနဦးမှာ မက်ဆီက ပီအက်စ်ဂျီ ကနေ ထွက်ခွာပြီးရင် အသင်းဟောင်း ဘာစီလိုနာဆီ ပြောင်းရွှေ့ဖို့ စဉ်းစားခဲ့ပေမယ့် ဘာစီလိုနာက ဘဏ္ဍာရေး အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာကြောင့် မက်ဆီကို အလွတ်နဲ့ ခေါ်ယူဖို့တောင် ခက်ခဲနေပါတယ်။

Photo Credit: Standard

ဘာစီလိုနာရဲ့ အခြေအနေတွေကြောင့် မက်ဆီက သူ့ကို ခေါ်ချင်နေတဲ့ အသင်းတွေ အနက် သူနဲ့ အလိုက်ဖက်ဆုံး ဖြစ်မယ့် အသင်းကို ပြန်လည် ရှာဖွေနေရပြီး နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Caught Offsideရဲ့ ဖော်ပြချက်အရ မက်ဆီက ဆရာဟောင်း ဂွာဒီယိုလာ ရှိနေတဲ့ မန်ချက်စတာ စီးတီးဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

ဂွာဒီယိုလာ ရှိနေတဲ့ မန်ချက်စတာ စီးတီးဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်း ဖြစ်သလို ချန်ပီယံလိဂ် ဆုဖလားကို စိန်ခေါ်နိုင်စွမ်းလည်း ရှိတာကြောင့် မက်ဆီက မန်ချက်စတာ စီးတီးဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး မန်ချက်စတာ စီးတီးကလည်း မက်ဆီကို ခေါ်ကာ သူတို့အသင်းရဲ့ ပုံရိပ်ကို မြှင့်တင်ချင်နေကြောင်း နီးစပ်သူတွေကပါ ထုတ်ဖော် ပြောဆိုထားကြပါတယ်။