ယမန်နေ့မှာပဲ အာဂျင်တီးနား လူမိုက်အဖွဲ့ တဖွဲ့က အာဂျင်တီးနားနိုင်ငံ ၊ ဆန်တာဖေးပြည်နယ် ၊ ရိုဆာရီယိုမြို့မှာ ရှိတဲ့ မက်ဆီရဲ့ ဇနီးသည်ဖြစ်သူ အန်တိုနယ်လာ ရော့ကူဇိုရဲ့ မိသားစုပိုင် စူပါမားကတ်ဆီ ရောက်လာကာ စူပါမားကတ်ကို သေနတ်နဲ့ ပစ်ခတ်ကာ မက်ဆီအတွက် ခြိမ်းခြောက်စာ တခု ချန်သွားခဲ့ကြောင်း ဒေသတွင်း အာဏာပိုင်တွေက ယနေ့မနက် အစောပိုင်းမှာ တရားဝင် ထုတ်ပြန် ကြေညာသွားခဲ့ပါတယ်။

ရိုဆာရီယိုမြို့က အာဂျင်တီးနားရဲ့ နာမည်ကျော် မြို့တခု ဖြစ်ပေမယ့် လူမိုက်ဂိုဏ်းတွေ အများကြီး ရှိတဲ့ မြို့နယ်တခု ဖြစ်ပြီး အန်တိုနယ်လာရဲ့ မိသားစုပိုင် စူပါမားကတ်ဟာ ရိုဆာရီယိုမြို့မှာ အတော်လေး ထင်ရှားတဲ့ စူပါမားကတ် တခုပဲ ဖြစ်ပါတယ်။

Photo Credit: The Sun

ယမန်နေ့မှာတော့ ဆိုင်ကယ်စီးသူ ၂ယောက် ပါဝင်တဲ့ လူမိုက်အဖွဲ့ တဖွဲ့က အန်တိုနယ်လာရဲ့ စူပါမားကတ်ဆီ ရောက်လာကာ ဆိုင်အရှေ့ကို သေနတ်နဲ့ ၁၄ချက် အထိ ပစ်ခတ်ပြီး မက်ဆီအတွက် ခြိမ်းခြောက်စာ တစောင် ထားသွားခဲ့ပါတယ်။

အာဏာပိုင်တွေရဲ့ ထုတ်ပြန် ကြေညာချက်အရ လူမိုက်အဖွဲ့က ထားသွားခဲ့တဲ့ ခြိမ်းခြောက်စာထဲမှာ – “မက်ဆီ… ငါတို့တွေ မင်းကို စောင့်နေတယ်။ မြို့တော်ဝန် ဂျာကင်ကလည်း မူးယစ်ရာဇာ တယောက်ပဲ။ သူက မင်းကို ဂရုစိုက်မှာ မဟုတ်ဘူး” လို့ ရေးသားထားကြောင်းနဲ့ လူမိုက်အဖွဲ့က စူပါမားကတ် အပြင် တခြားနေရာတွေကိုပါ သေနတ်နဲ့ ပစ်ခတ်သွားခဲ့ကြောင်း သိရပါတယ်။

Photo Credit: The Sun

လက်ရှိမှာတော့ အန်တိုနယ်လာရဲ့ မိသားစု ပိုင်ဆိုင်တဲ့ အဆိုပါ စူပါမားကတ်ကို ပိတ်ထားသလို ရိုဆာရီယိုမြို့ရဲ့ ဒေသခံတွေကလည်း မက်ဆီနဲ့ သူ့ရဲ့ မိသားစုဝင်တွေ အန္တရာယ် ဖြစ်မှာကို စိုးရိမ်နေကြပါတယ်။

အသက် ၃၅နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ရယူကာ အာဂျင်တီးနားနိုင်ငံ အတွက် ဂုဏ်ဆောင်ပေးထားသူပါ။