ပီအက်စ်ဂျီအသင်းရဲ့ ရလဒ်တွေဟာ အသင်းက အလိုရှိနေတဲ့ ရလဒ်မျိုးတွေနဲ့ ဝေးကွာနေတာကြောင့် အသင်းအတွင်း တင်းမာမှုတွေ ဖြစ်ပေါ်နေရပြီး စနေနေ့က အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်အတွင်းမှာလည်း ကစားသမား အချင်းချင်း ထိပ်တိုက် တွေ့ဆုံတာတွေ ဖြစ်ခဲ့ရပါတယ်။

Photo Credit : L’Equipe

ပြင်သစ် လီဂူးအသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်အတွင်း ပေါ်တူဂီ ကွင်းလယ်လူ ဗီတင်ညာက အသင်းဖော် လီယွန်နယ်မက်ဆီကို ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုတစ်ခု ပြုလုပ်ခဲ့ပြီး ဒီလုပ်ရပ်က ရန်စသလိုမျိုး ဖြစ်သွားခဲ့ရသလို မက်ဆီကလည်း သူ့အပေါ် အခုလို ဖျက်ထုတ်မှု လုပ်ဆောင်ခဲ့တ့ ဗီတင်ညာကို တုံ့ဆိုင်းနေခြင်း မရှိပဲ တစ်ခုခု ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြင်သစ် သတင်းစာ L’Equipe ရဲ့ ဖော်ပြချက်အရ မက်ဆီနဲ့ ဗီတင်ညာတို့ကို အသင်းဖော်တွေကနေ ဝိုင်းဝန်း ဖြန်ဖြေပေးခဲ့ရသလို သူတို့နှစ်ဦးကိုလည်း ချက်ချင်း လူချင်းခွဲခဲ့ရတယ်လို့ သိရပါတယ်။

Photo Credit : Diez

မက်ဆီက ဗီတင်ညာရဲ့ ကစားပုံ ကြမ်းတမ်းမှုနဲ့ ကြုံတွေ့ခဲ့ရခြင်းမှာပဲ ဒီအပြုအမှုအပေါ် ချက်ချင်း တုံ့ပြန်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ အခြေအနေတွေက တည်ငြိမ်သွားခဲ့ရပါတယ်။ ဒီကိစ္စက ပြင်းထန်မှု မရှိခဲ့ပေမဲ့လည်း ပီအက်စ်ဂျီနည်းပြ ခရစ္စတိုဖာဂယ်လ်တီယာ အသင်းအတွင်းမှာတော့ ဆိုးရွှားတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ လက္ခဏတစ်ခုလို ဖြစ်နေရပါတယ်။

Photo Credit : The Mirror

ဒီနေ့ညမှာတော့ ပီအက်စ်ဂျီအသင်းဟာ မာဆေးလ်အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာဖြစ်ပြီး ဒီအသင်းနှစ်သင်းကြား (၅)မှတ်သာ ကွာဟနေတာကြောင့် တကယ်လို့ ပီအက်စ်ဂျီသာ မာဆေးလ်ကို ရှုံးနိမ့်ခဲ့မယ်ဆိုရင် (၂)မှတ်လေးပဲ ကွာဟလာတော့မှာဖြစ်ပြီး ပီအက်စ်ဂျီအတွက်လည်း ပိုမို ဖိအားတွေ များလာနိုင်ပါတယ်။ ပီအက်စ်ဂျီအသင်းက ၂၀၂၃ခုနှစ်အတွင်းမှာ လီဂူး(၄)ပွဲ နိုင်ပွဲပျောက်ထားပြီး လန်းစ် ရန်းစ် မိုနာကိုတို့ကို ရှုံးနိမ့်ခဲ့သလို Reims ကိုလည်း သရေကျထားခဲ့ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ် အိမ်ကွင်းပွဲစဉ်မှာ ဘိုင်ယန်ကို ရှုံးထားခဲ့သေးပြီး ပြင်သစ်ဖလားမှာလည်း မာဆေးလ်ကို ရှုံးကာ ပြိုင်ပွဲကနေ ထွက်ခွာထားခဲ့ရပါတယ်။