အင်တာ မိုင်ယာမီအသင်းရဲ့ အသင်းခေါင်းဆောင် အာဂျင်တီးနား စူပါစတားကြီး လီယွန်နယ် မက်ဆီက ပီအက်စ်ဂျီကနေ ထွက်ခွာပြီးနောက် သူ့အသင်းဟောင်း ဘာစီလိုနာဆီကို ပြန်လာဖို့ ဆန္ဒရှိခဲ့ပေမယ့် အခြေအနေတွေက ဒီလိုလုပ်ဖို့ မဖြစ်နိုင်ခဲ့ဘူးလို့ ဖွင့်ဟသွားခဲ့ပါတယ်။
Simplemente Futbol နဲ့ အင်တာဗျူးမှာ မက်ဆီက ဘာစီလိုနာကနေ ထွက်ခွာခဲ့ရပြီးကတည်းက အဲဒီကို ပြန်လာဖို့ အမြဲလိုလို ဆန္ဒရှိခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ဒါပေမယ့် မက်ဆီ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာပြီးနောက် ကာတာလိုနီယာဆီကို ပြန်သွားဖို့ ကြိုးစားမှုကတော့ မအောင်မြင်ခဲ့ပါဘူး။
Photo Credit : AP News
မက်ဆီဟာ သူ့ရဲ့ ကမ္ဘာ့ဖလား အောင်မြင်မှု မိသားစုရဲ့ လိုအပ်ချက်တွေနဲ့ ဥရောပထဲက တခြားအသင်းတစ်သင်းမှာ ကစားဖို့ တွန့်ဆုတ်မှုတွေ ရှိခဲ့ရပြီး နောက်ဆုံးမှာတော့ သူ့ကို အင်တာ မိုင်ယာမီနဲ့ အမေရိကန် မေဂျာလိဂ် ဘောလုံးပြိုင်ပွဲဆီကို ဦးတည်သွားစေခဲ့ပါတယ်။
၂၀၂၃ ခုနှစ်က သတင်းတွေအရ ဘာစီလိုနာဟာ ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် မက်ဆီရဲ့ တစ်နှစ်လစာ ပေါင်(၂၁)သန်းကို ပေးချေနိုင်ဖို့ ကစားသမားတွေ အများအပြား ရောင်းထုတ်ရမယ့် အခြေအနေမှာ ရှိခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဒီကြိုးပမ်းမှုက ဖြစ်ပေါ်လာဖို့ မဖြစ်နိုင်ခဲ့ဘူးလို့ အသင်းဘက်ကနေ ဆုံးဖြတ်ခဲ့တာကြောင့် မက်ဆီနဲ့ ဘာစီလိုနာတို့ လမ်းခွဲဖို့ အကြောင်းဖန်သွားခဲ့ပါတယ်။
Photo Credit : Goal
“ကျွန်တော် ဘာစီလိုနာကို ပြန်လာဖို့ ရည်ရွယ်ခဲ့တယ်။ ကျွန်တော် အမြဲတမ်း ရှိချင်ခဲ့တဲ့ နေရာဆီ ပြန်သွားဖို့ပါ။ ဒါပေမယ့် ဒီတစ်ကြိမ်လည်း ဖြစ်မလာခဲ့ဘူး။ အဲဒီနောက်မှာ ဒါဟာ မိသားစု ဆုံးဖြတ်ချက်တစ်ခု ဖြစ်လာခဲ့တယ်။ ကမ္ဘာ့ဖလားရခဲ့တာကလည်း အများကြီး သက်ရောက်မှုရှိခဲ့တယ်။ ကျွန်တော် ဥရောပထဲက တခြားအသင်းတစ်သင်းမှာ ရှိချင်စိတ်မရှိခဲ့ဘူး။ ဘယ်အသင်းမှာမှ မသွားချင်ခဲ့ဘူး။” လို့ မက်ဆီက ရှင်းပြသွားခဲ့ပါတယ်။
မက်ဆီဟာ ဘာစီလိုနာကနေ ထွက်ခွာခဲ့ပြီးနောက် ပီအက်စ်ဂျီအသင်းဆီ (၂)ရာသီ ဖြတ်သန်းခဲ့ပြီး ပဲရစ်မြေမှာတော့ မက်ဆီအတွက် ပျော်ရွှင်မှုတွေ ကင်းမဲ့ခဲ့ပြီးနောက် ဘောလုံးသမားဟောင်းကြီး ဒေးဗစ် ဘက်ဟမ်း ပူးတွဲပိုင်ဆိုင်ထားတဲ့ မေဂျာလိဂ်ကလပ် အင်တာ မိုင်ယာမီဆီ ပြောင်းရွှေ့ခဲ့ရင်း အခုတော့ မေဂျာလိဂ်မှာလည်း အောင်မြင်မှုတွေ ဆက်လက် ရယူနေပါတယ်။