ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီနဲ့ လမ်းခွဲထားတဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက ယနေ့မနက် အစောပိုင်းမှာပဲ မေဂျာလိဂ် နာမည်ကြီးကလပ် အင်တာ မိုင်ယာမီဆီ တရားဝင် ပြောင်းရွှေ့သွားခဲ့ပါပြီ။

အသက် ၃၅နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး လီယွန်နယ် မက်ဆီက ပီအက်စ်ဂျီ ကနေ ထွက်ခွာတော့မယ်လို့ ကြေညာပြီးနောက် ဆော်ဒီလိဂ်ရဲ့ ၁ဘီလီယံတန် ကမ်းလှမ်းမှု ၊ ဥရောပ ထိပ်သီးအသင်း နှစ်သင်းရဲ့ ကမ်းလှမ်းမှု ၊ အသင်းဟောင်း ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုနဲ့ အင်တာ မိုင်ယာမီရဲ့ ကမ်းလှမ်းမှုတို့ကို လက်ခံ ရရှိခဲ့ပါတယ်။

ကမ်းလှမ်းမှုတွေ အားလုံးက တန်ကြေးမြင့် ကမ်းလှမ်းမှုတွေ ဖြစ်တာကြောင့် မက်ဆီက သူ့ရဲ့ ဖခင်ဖြစ်သူ ဂျော့စ် မက်ဆီ ၊ ဇနီးဖြစ်သူ အန်တိုနယ်လာ ၊ သူ့ရဲ့ ဝန်ထမ်းတွေနဲ့ တိုင်ပင်ကာ ဘယ်အသင်းဆီ ပြောင်းရွှေ့မလဲ ဆိုတာ ဆွေးနွေးခဲ့ပြီး အဆုံးသတ်မှာ မက်ဆီက သူ့ကို အသင်းရဲ့ ရှယ်ယာတွေပါ ရောင်းချမယ့် အင်တာ မိုင်ယာမီဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

မက်ဆီက ပီအက်စ်ဂျီ ကနေ ထွက်ခွာမယ့် အကြောင်း ကြေညာချိန်မှာ သူ့ရဲ့ အသင်းဟောင်း ဘာစီလိုနာရဲ့ ပရိသတ်တွေက မက်ဆီ တယောက် ဘာစီလိုနာဆီ ပြန်လာဖို့ မျှော်လင့်ခဲ့ကြပေမယ့် မက်ဆီကတော့ အင်တာ မိုင်ယာမီဆီသာ ပြောင်းရွှေ့သွားခဲ့ပြီး ယနေ့မနက် အစောပိုင်းမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တခုမှာ မက်ဆီက သူဟာ ဘာကြောင့် ဘာစီလိုနာဆီ ပြန်လည် မပြောင်းရွှေ့ခဲ့တာလဲ ဆိုတာကို ရှင်းပြသွားခဲ့ပါတယ်။

Photo Credit: Standard

မက်ဆီက – “ဘာစီလိုနာက ကျွန်တော့်ကို အသင်းဆီ ပြန်ခေါ်နိုင်ဖို့ အတွက် အစွမ်းကုန် ကြိုးစားခဲ့ရဲ့လား ဆိုတဲ့ အချက်ကို ကျွန်တော် သံသယဝင်မိပါတယ်။ ဒါက အရိုးသားဆုံး ပြောတာပါ။ ကျွန်တော်က ဇာဗီ ပြောခဲ့တဲ့ စကားတွေကို ကြားပါတယ်။ ဒါပေမယ့် ဘာစီလိုနာအသင်းမှာ ကျွန်တော့်ကို အသင်းဆီ လုံးဝ ပြန်မလာစေချင်တဲ့ လူတွေ ရှိနေပါတယ်။ အဲ့ဒီလူတွေက ကျွန်တော်သာ ဘာစီလိုနာဆီ ပြန်လာခဲ့ရင် ဒါက အသင်းကို ထိခိုက်စေလိမ့်မယ်လို့ ယုံကြည်နေကြတာပါ” လို့ ပြောကြားကာ ဘာစီလိုနာအသင်းရဲ့ တာဝန်ရှိသူ တချို့ကြောင့် သူက ဘာစီလိုနာဆီ ပြန်မပြောင်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။