အာဂျင်တီးနားအသင်းရဲ့ ဝါရင့် ကစားသမားတွေ ဖြစ်သလို ကြယ်ပွင့် ကစားသမားတွေလို့လည်း သတ်မှတ်လို့ ရတဲ့ လီယွန်နယ် မက်ဆီနဲ့ အိန်ဂျယ် ဒီမာရီယာတို့က ကစားသမားဘဝ ကနေ အနားမယူခင်မှာ အာဂျင်တီးနားအသင်းနဲ့အတူ ၂၀၂၄ အိုလံပစ်ပြိုင်ပွဲမှာ ဝင်ရောက် ဆင်နွှဲချင်နေကြောင်း အာဂျင်တီးနား အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီနဲ့ ဝါရင့် တောင်ပံတိုက်စစ် ကစားသမား ဒီမာရီယာတို့က အာဂျင်တီးနားရဲ့ ၂၀၂၂ ကမ္ဘာ့ဖလားအောင်ပွဲမှာ အဓိကကျခဲ့တဲ့ ကစားသမားတွေ ဖြစ်ကြပြီး နှစ်ဦးစလုံးက အာဂျင်တီးနားနိုင်ငံရဲ့ သူရဲကောင်းတွေ အဖြစ် သတ်မှတ်ခံထားရပါတယ်။

Photo Credit: Goal

လီယွန်နယ် မက်ဆီက အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ဖလား ၊ ကိုပါအမေရိကဖလားနဲ့ ဥရောပ-တောင်အမေရိက တိုက်နှစ်တိုက် ချန်ပီယံဖလားတို့ကို သိမ်းပိုက် ရယူနိုင်ခဲ့သလို ၂၀၀၅ခုနှစ်မှာ အာဂျင်တီးနား ယူ-၂၀အသင်းနဲ့အတူ ယူ-၂၀ ကမ္ဘာ့ဖလား ၊ ၂၀၀၈ခုနှစ်မှာ အာဂျင်တီးနား အိုလံပစ်အသင်းနဲ့ အိုလံပစ် ရွှေတံဆိပ်ဆု စတဲ့ ဆုဖလားတွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

တဖက်မှာလည်း ဒီမာရီယာက မက်ဆီနည်းတူ ကမ္ဘာ့ဖလား ၊ ကိုပါအမေရိကဖလားနဲ့ ဥရောပ-တောင်အမေရိက တိုက်နှစ်တိုက် ချန်ပီယံဖလားတို့ကို သိမ်းပိုက် ရရှိထားသလို ၂၀၀၇ခုနှစ်မှာ အာဂျင်တီးနား ယူ-၂၀အသင်းနဲ့အတူ ယူ-၂၀ ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်ခဲ့ပြီး ၂၀၀၈နဲ့ ၂၀၀၉ခုနှစ်တွေမှာ အာဂျင်တီးနား အိုလံပစ်အသင်းနဲ့ အိုလံပစ် ရွှေတံဆိပ် ၂ကြိမ်ဆက် ရရှိခဲ့ပါတယ်။

Photo Credit: Goal

အာဂျင်တီးနား အခြေစိုက် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ D Sports Radioရဲ့ ဖော်ပြချက်အရ မက်ဆီနဲ့ ဒီမာရီယာတို့ နှစ်ဦးစလုံးက အိုလံပစ် ရွှေတံဆိပ်ဆုရှင်တွေ ဖြစ်ပေမယ့် ကစားသမားဘဝ ကနေ အနားမယူခင်မှာ နောက်ထပ်တကြိမ် အိုလံပစ်ပြိုင်ပွဲမှာ ထပ်မံ ယှဉ်ပြိုင်ချင်နေပြီး အာဂျင်တီးနားကသာ အိုလံပစ်ပြိုင်ပွဲဝင်ခွင့် ရသွားရင် အိုလံပစ်အသင်းမှာ ပါဝင်ဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

လက်ရှိမှာတော့ အာဂျင်တီးနား ယူ-၂၃အသင်းကို မက်ဆီနဲ့ ဒီမာရီယာတို့ရဲ့ အသင်းဖော်ဟောင်း မာရှေယာနို ကိုင်တွယ်နေပြီး မာရှေယာနိုကလည်း မက်ဆီနဲ့ ဒီမာရီယာတို့လို ဝါရင့် ကစားသမားတွေကို အိုလံပစ်ပြိုင်ပွဲဆီ ခေါ်ဆောင်သွားချင်နေကြောင်း နီးစပ်သူတွေက ထုတ်ဖော် ပြောဆိုထားပါတယ်။