ဆော်ဒီနိုင်ငံရဲ့ အားကစားဝန်ကြီး အဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ မစ္စတာ အယ် ဖေဆယ်လ်က ယခုရက်ပိုင်း အတွင်းမှာပဲ ဆော်ဒီစူပါလိဂ်ရဲ့ ထိပ်သီးအသင်းတွေနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေတဲ့ အာဂျင်တီးနားကြယ်ပွင့် မက်ဆီနဲ့ ပြင်သစ်ကြယ်ပွင့် ဘန်ဇီမာတို့ဟာ မကြာခင်မှာ ဆော်ဒီနိုင်ငံဆီ ရောက်လာတော့မယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အာဂျင်တီးနား လက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် ၊ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမားလည်း ဖြစ်တဲ့ လီယွန်နယ် မက်ဆီက ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ သူ့ရဲ့ လက်ရှိကလပ် ပီအက်စ်ဂျီနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ထားသူ ဖြစ်ပြီး ဆော်ဒီထိပ်သီးကလပ် အယ်ဟီလယ်က မက်ဆီကို တနှစ် လုပ်ခလစာ ယူရို ၁ဘီလီယံ နီးပါးနဲ့ (လုပ်ခလစာ + ပုံရိပ်အသုံးပြုခ) ကမ်းလှမ်းမှု ပြုလုပ်ထားပါတယ်။

Photo Credit: Express

တဖက်မှာလည်း နောက်ထပ် ဆော်ဒီထိပ်သီးအသင်း တသင်း ဖြစ်တဲ့ အယ် အီတီဟတ်က ရီးရဲလ်မက်ဒရစ်နဲ့ ပြင်သစ်တို့ရဲ့ အဓိက တိုက်စစ်မှူး ကာရင် ဘန်ဇီမာကို ၁နှစ် လုပ်ခလစာ ယူရို ၁၀၀သန်းကျော်နဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားပြီး ဘန်ဇီမာကလည်း ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ရီးရဲလ်မက်ဒရစ် ကနေ အလွတ်နဲ့ ထွက်ခွာခွင့် ရှိနေသူပါ။

ယခုချိန်မှာတော့ လီယွန်နယ် မက်ဆီနဲ့ ကာရင် ဘန်ဇီမာတို့ရဲ့ အေးဂျင့်တွေက ဆော်ဒီကလပ်တွေရဲ့ တာဝန်ရှိသူတွေနဲ့ ဆက်တိုက် တွေ့ဆုံကာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး နှစ်ဦးစလုံးက ဆော်ဒီကလပ်တွေရဲ့ ကမ်းလှမ်းမှုတွေကို လက်ခံထားပြီးပြီ ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

Photo Credit: Marca

ဆော်ဒီနိုင်ငံရဲ့ အားကစားဝန်ကြီး အဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ အယ် ဖေဆယ်လ်ကတော့ သူဟာ မက်ဆီနဲ့ ဘန်ဇီမာတို့ရဲ့ အပြောင်းအရွှေ့တွေ အကြောင်း အသေးစိတ် မသိရသေးပေမယ့် သက်ဆိုင်ရာအသင်းတွေက မကြာခင်မှာပဲ မက်ဆီနဲ့ ဘန်ဇီမာတို့ရဲ့ အပြောင်းအရွှေ့တွေကို တရားဝင် ကြေညာလိမ့်မယ်လို့ ဆိုလာပါတယ်။

အားကစားဝန်ကြီး အယ် ဖေဆယ်လ်က – “မက်ဆီနဲ့ ဘန်ဇီမာတို့ရဲ့ အပြောင်းအရွှေ့တွေ အကြောင်းလား။ ခင်ဗျားတို့တွေက သက်ဆိုင်ရာကလပ်တွေရဲ့ တရားဝင် ထုတ်ပြန် ကြေညာချက်တွေကို စောင့်ကြည့်သင့်ပါတယ်။ ကလပ်တွေက သင့်တော်တဲ့ အချိန်တခုမှာ အဲ့ဒီ အပြောင်းအရွှေ့တွေကို တရားဝင် ကြေညာပါလိမ့်မယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။