ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီ ကနေ ထွက်ခွာတော့မယ့် လီယွန်နယ် မက်ဆီက လာမယ့် နွေဈေးကွက် အတွင်းမှာ သူ့ရဲ့ အသင်းဟောင်း ဘာစီလိုနာဆီ ပြန်လည် ပြောင်းရွှေ့ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း နာမည်ကြီး ပြင်သစ် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။
အသက် ၃၅နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက ဘာစီလိုနာရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာသူ တဦး ဖြစ်ပြီး မက်ဆီဟာ ဘာစီလိုနာမှာ ဆယ်စုနှစ် တစုကျော်ကြာ ကစားပေးခဲ့ပြီးနောက် ၂၀၂၁ခုနှစ်မှာတော့ ဘာစီလိုနာ ကနေ ပီအက်စ်ဂျီထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။
Photo Credit: Indian Express
မက်ဆီက ဘာစီလိုနာကနေ ပီအက်စ်ဂျီထံ ပြောင်းရွှေ့ခဲ့ပြီးနောက် ခြေစွမ်းကောင်း တချို့ကို ပြသနိုင်ခဲ့ပေမယ့် ဘာစီလိုနာမှာလောက် ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခြင်း မရှိသလို အရေးကြီးတဲ့ ပွဲစဉ်တွေမှာ ပုံမှန်ခြေစွမ်းအောက် ရောက်နေခဲ့တာကြောင့် ပီအက်စ်ဂျီပရိသတ်တွေရဲ့ ဒေါသတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
လက်ရှိမှာတော့ မက်ဆီက ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း မတိုးတော့ပဲ ရာသီကုန်မှာ ပီအက်စ်ဂျီ ကနေ အလွတ်နဲ့ ထွက်ခွာဖို့ ဆုံးဖြတ်ထားသလို မက်ဆီရဲ့ အသင်းဟောင်း ဘာစီလိုနာက မက်ဆီကို ပြန်ခေါ်ဖို့ ကြိုးစားနေပါတယ်။
Photo Credit: Express
ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ မတ်လမှ စတင်ကာ မက်ဆီရဲ့ အေးဂျင့်လည်းဖြစ် ၊ ဖခင်လည်း ဖြစ်တဲ့ ဂျော့စ် မက်ဆီထံ ဆက်သွယ်ကာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ခဲ့ပြီး မက်ဆီကလည်း သူ့ရဲ့ ကစားသမားဘဝ နောက်ဆုံးအချိန်မှာ ဘာစီလိုနာဆီ ပြန်လည် ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပါတယ်။
နာမည်ကြီး ပြင်သစ်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ RMC Sportsရဲ့ ဖော်ပြချက်အရ မက်ဆီက ဘာစီလိုနာဆီ ပြန်လည် ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ထားပြီး မက်ဆီဟာ ဘာစီလိုနာဆီ ပြန်လည် ပြောင်းရွှေ့ချိန်မှာ သူ့ရဲ့ လုပ်ခလစာကို ၆၀ရာခိုင်နှုန်း အထိ လျှော့ယူဖို့ သဘောတူထားကြောင်း သိရပါတယ်။