ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိမှာ အောင်မြင်တဲ့ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ပေါလ် မာဆန်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အာဆင်နယ် ၀-၂ ဗီလာ ပွဲအပြီးမှာ သူ့အသင်းဟောင်း အာဆင်နယ်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံ မဖြစ်နိုင်တော့ဘူးလို့ ပြတ်ပြတ်သားသား ဝေဖန် သုံးသပ်သွားခဲ့ပါတယ်။

မာဆန်ရဲ့ အသင်းဟောင်း အာဆင်နယ်က ဒီရာသီမှာ မန်ချက်စတာ စီးတီး ၊ လီဗာပူး စတဲ့ အသင်းတွေနဲ့ အပြိုင် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ယှဉ်လုနေရတဲ့အသင်း ဖြစ်ပြီး ယမန်နေ့ညမှာတော့ အာဆင်နယ်က ပရီးမီးယားလိဂ် ပွဲစဉ်(၃၃) အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်ရရေး အတွက် အားကုန်ထုတ် ကြိုးစားနေတဲ့ ဗီလာကို အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံ ကစားခဲ့ရပါတယ်။

Photo Credit: Arsenal

အာဆင်နယ်က ပရီးမီးယားလိဂ်ချန်ပီယံဆု အတွက် အမှားခံလို့ မရသလို ဗီလာကလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ရမှတ်တွေ ထပ်မံ ဆုံးရှုံးလို့ မရတော့တာကြောင့် နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင် ထုတ်သုံးကာ ကစားခဲ့ကြပြီး နှစ်သင်းရဲ့ ခြေစွမ်းပိုင်းကလည်း မတိမ်းမယိမ်း ရှိခဲ့ပေမယ့် ဗီလာရဲ့ တိုက်စစ် ကစားသမားတွေ ဖြစ်ကြတဲ့ ဘိုင်လီနဲ့ ဝက်စ်ကင်းတို့က ရလာတဲ့ အခွင့်အရေးတွေကို အကောင်းဆုံး အဆုံးသတ်ပြနိုင်ခဲ့တာကြောင့် အာဆင်နယ်ဟာ အိမ်ကွင်းမှာ ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရတာပါ။

အာဆင်နယ်က ဗီလာကို ရှုံးနိမ့်ခဲ့တာကြောင့် အဓိကပြိုင်ဘက် မန်ချက်စတာ စီးတီးဆီ အဆင့်(၁)နေရာကို လွှဲပြောင်းပေးခဲ့ရသလို ပွဲစဉ်(၃၃) အပြီးမှာ အာဆင်နယ်က အဆင့်(၁)နေရာမှာ ရှိနေတဲ့ မန်ချက်စတာ စီးတီးနဲ့ ရမှတ် ၂မှတ် တိတိ ကွာဟသွားခဲ့ပါတယ်။

Photo Credit: Sky Sports

ရာသီကုန်ဖို့ ပွဲကျန် ၁ပွဲ အပါအဝင် ၆ပွဲသာ ကစားဖို့ လိုအပ်တော့ချိန်မှာ အဆင့်(၁)နေရာ ကနေ ဖယ်ပေးလိုက်ရတာကြောင့် အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်နိုင်ဖို့ လက်ကျန်ပွဲတွေမှာ အမှား လုံးဝ မလုပ်ဖို့ လိုအပ်နေပြီး အာဆင်နယ်ရဲ့ ဂန္တဝင် ပေါလ် မာဆန်ကတော့ ဗီလာကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တာကြောင့် အာဆင်နယ်ရဲ့ ချန်ပီယံအိမ်မက်ဟာ ရယူဖို့ မဖြစ်နိုင်တော့ဘူးလို့ ဆိုလာပါတယ်။

မာဆန်က – “ကိုင် ဟားဗက်ဇ်က ဗီလာရဲ့ အဖွင့်ဂိုး ဖြစ်စေမယ့် ဖြတ်တင်ဘောကို ကာကွယ်နိုင်ခဲ့သင့်ပါတယ်။ ဘန်ဝှိုက်ကလည်း ဗီလာရဲ့ ကစားသမားတွေက ဖြတ်တင်ဘော မတင်ရသေးခင်မှာတင် အတင်း ဆလိုက်ထိုး ဝင်ဖျက်တာကို မြင်ခဲ့ရပါတယ်။ အာဆင်နယ်ရဲ့ ကစားသမားတွေက အဲ့ဒီလို အပြုအမူတွေကို ရပ်တန့်သင့်ပါပြီ။ ပရီးမီးယားလိဂ်ဖလားကို ရနိုင်တဲ့ အခွင့်အရေးက များများစားစား မရတတ်ပါဘူး။ ဒါကြောင့် ကစားသမားတွေက အရေးမပါတာတွေကို မလုပ်ဖို့ လိုအပ်နေပါပြီ။ အာဆင်နယ်က လိဂ်ဖလား ရနိုင်တဲ့ အခွင့်အရေးကို များများစားစား မရနိုင်ပါဘူး။ ဒီနေ့ညမှာဆိုရင် သူတို့က အိမ်ကွင်းမှာ ကစားခဲ့ရပေမယ့် အခွင့်အရေးကို လွှင့်ပစ်ခဲ့ကြပါတယ်။ ကျွန်တော်ကတော့ အာဆင်နယ်ရဲ့ ချန်ပီယံအိမ်မက်ဟာ ဝေးလွင့်သွားပြီလို့ပဲ ပြောချင်ပါတယ်။ အာဆင်နယ်က ၃၂ပွဲ ကြိုးစား ကစားခဲ့ပေမယ့် ဒီနေ့ညမှာ နောက်ထပ် ၁ကိုက်လောက် ပိုပြေးရမှာကို မပြေးချင်ခဲ့တာကြောင့် အခွင့်အရေးကောင်း တခုကို ဆုံးရှုံးခဲ့ရပါတယ်။ (ဟားဗက်ဇ်ကို ရည်ရွယ်ပြီး ပြောတာပါ) အဲ့ဒါက အပျင်းထူတာကို ပြနေပါတယ်။ အာဆင်နယ်က ချန်ပီယံဖြစ်ခွင့်ကို ၁၀၀ ရာခိုင်နှုန်း ဆုံးရှုံးသွားခဲ့ပါပြီ” လို့ ပြောကြားသွားခဲ့တာပါ။