ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ ဂန္တဝင် ကစားသမားဟောင်း တဦး ဖြစ်သလို ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ပေါလ်မာဆန်ကတော့ ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် အက်ဖ်အေဖလား ​ဗိုလ်လုပွဲမှာ မန်ချက်စတာ စီးတီးက မန်ချက်စတာ ယူနိုက်တက်ကို ခြေပြတ် ၊ ဂိုးပြတ် အနိုင်ရသွားလိမ့်မယ်လို့ သုံးသပ် ခန့်မှန်းသွားခဲ့ပါတယ်။

မန်ချက်စတာမြို့ခံ နှစ်သင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့က ယခုနှစ် ဘောလုံးရာသီမှာ ပြည်တွင်းဖလားတွေ ဖြစ်တဲ့ ပရီးမီးယားလိဂ်ဖလားနဲ့ ကာရာဘောင်းဖလားတို့ကို အသီးသီး သိမ်းပိုက်ထားနိုင်တဲ့ အသင်းတွေ ဖြစ်ပါတယ်။

Photo Credit: Standard

ဒါကြောင့် ယနေ့ညမှာ ကစားမယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ အနိုင်ရတဲ့ အသင်းက ဒီရာသီ ဒုတိယမြောက် ဆုဖလားကို ကိုင်မြှောက်နိုင်မှာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်နဲ့ မန်ချက်စတာ စီးတီးတို့ရဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲကို ယနေ့ည ၈နာရီခွဲ အချိန်မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။

လတ်တလော ခြေစွမ်းပိုင်းအရ မန်ချက်စတာ စီးတီးက မန်ချက်စတာ ယူနိုက်တက်ထက် သိသိသာသာ ပိုကောင်းနေတာကြောင့် ဘောလုံးရေးရာ ကျွမ်းကျင်သူ အများစုက မန်ချက်စတာ စီးတီးကပဲ အက်ဖ်အေချန်ပီယံ ဖြစ်သွားလိမ့်မယ်လို့ သုံးသပ်ထားကြပြီး နာမည်ကြီး ဘောလုံးရေးရာ သုံးသပ်သူ ဖြစ်တဲ့ ပေါလ်မာဆန်ကလည်း စီးတီးဟာ ယူနိုက်တက်ကို ခြေပြတ် ၊ ဂိုးပြတ် နိုင်သွားလိမ့်မယ်လို့ ဆိုလာပါတယ်။

Photo Credit: Sky Sports

ပေါလ်မာဆန်က – “မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရိသတ်တွေက ဒီပွဲမှာ သူတို့အသင်းဟာ တခုခု ထူးခြားတာမျိုး လုပ်ပြနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြပါလိမ့်မယ်။ ဒီပွဲမှာ နှစ်သင်းစလုံးက ခြေစွမ်းကောင်းတွေ အသီးသီး ပြနိုင်ခဲ့ရင်တောင် နောက်ဆုံး ဖလားရတဲ့ အသင်းက တသင်းထဲပါ။ မန်ချက်စတာ စီးတီးက ဒီရာသီမှာ ယူနိုက်တက်ထက် အများကြီး ပိုကောင်းနေတဲ့ အသင်း ဖြစ်ပါတယ်။ ဒါကြောင့် မန်ချက်စတာ စီးတီးကပဲ ဒီပွဲမှာ အနိုင်ရသင့်ပါတယ်။ ကျွန်တော်ကတော့ စီးတီးက ယူနိုက်တက်ကို ၃-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ပရီးမီးယားလိဂ် အသင်းတွေက ဂွာဒီယိုလာ တယောက် စီးတီးကို ဘယ်လို မောင်းနှင်နေလဲ ဆိုတာ တွေးပူနေမယ့် အစား စီးတီးကို မီအောင် ဘယ်လို လုပ်ရမလဲ ဆိုတာကိုပဲ တွေးနေသင့်ပါတယ်။ ယူနိုက်တက်ကလည်း စီးတီးကို အခက်အခဲတွေ ပေးနိုင်အောင် ကြိုးစားပါလိမ့်မယ်။ ဒါပေမယ့် ယူနိုက်တက်က ဒီရာသီမှာ နိုင်ပွဲတွေ ရနေတာတောင် ပြိုင်ဘက်ကို ဂိုးသွင်းခွင့်တွေ အများကြီး ခွင့်ပြုပေးခဲ့ရပါတယ်။ တန်ဟက်ဂ်က ဒီအချက်ကို ပြင်ဆင်နိုင်ဖို့ လိုပါလိမ့်မယ်။ တကယ်လို့ ယူနိုက်တက်ကသာ ပထမပိုင်းမှာ စီးတီးကို သွင်းဂိုးတွေ ခွင့်မပြုခဲ့ရရင် သူတို့က ဒုတိယပိုင်းမှာ စီးတီးကို ခြေရည်တူ ယှဉ်ပြိုင် ကစားနိုင်မှာ ဖြစ်သလို ပွဲကလည်း ၅၀-၅၀စီ ဖြစ်သွားပါလိမ့်မယ်” ဆိုပြီး ထုတ်ဖော် ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။