ကဲ မတင်ဆက်ပေးတာ ကြာပြီ ဖြစ်တဲ့ ပွဲကြို ခန့်မှန်း သုံးသပ်ချက် အစီအစဉ်ကို ပြန်လည် စတင်ချင်ပါတယ်ဗျ။ ဒီတပတ် အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ မန်ချက်စတာ စီးတီးတို့ရဲ့ မန်ချက်စတာဒါဘီ ၊ စပါးနဲ့ အာဆင်နယ်တို့ရဲ့ လန်ဒန်ဒါဘီတို့လို ပွဲကြီးပွဲကောင်းတွေ ရှိနေပါတယ်။ ဒီတခါမှာတော့ ကျွန်တော်က အာဆင်နယ်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိမှာ နာမည်ကြီး ဘောလုံးရေးရာ သုံးသပ်သူလည်း ဖြစ်နေတဲ့ ပေါလ် မာဆန်ရဲ့ မန်ချက်စတာဒါဘီ ၊ လန်ဒန်ဒါဘီတို့ အတွက် ပွဲကြို ခန့်မှန်း သုံးသပ်ချက်တွေကို တင်ဆက်ပေးသွားချင်ပါတယ်။

Photo Credit: Standard

မန်ယူနဲ့ မန်စီးတီး (စနေနေ့ည ၇နာရီ)

ဒီပွဲက ပွဲကြီးပွဲကောင်း တပွဲပါ။ မန်ချက်စတာ စီးတီးကတော့ အတော်လေး ပွဲကျပ်နေပါတယ်။ သူတို့က သောကြာနေ့ တရက်ထဲ လေ့ကျင့်ရေး ဆင်းခဲ့ရပေမယ့် စနေနေ့ညမှာ ပွဲကစားရပါတော့မယ်။ ဒီပွဲက မန်ချက်စတာ ယူနိုက်တက်အနေနဲ့ အချိန်အတော်လေး ကြာပြီးမှ ရလာခဲ့တဲ့ သူတို့ရဲ့ အကောင်းဆုံးခြေစွမ်းနဲ့ မန်ချက်စတာ စီးတီးကို ရင်ဆိုင်မယ့်ပွဲလို့ ပြောရင် မှားမယ် မထင်ပါဘူး။ မန်ချက်စတာ ယူနိုက်တက်က အခုချိန်မှာ ယုံကြည်မှုအပြည့်နဲ့ ကစားနေပါပြီ။ အရင်ကတော့ ကျွန်တော်တို့ဟာ မန်ချက်စတာ စီးတီးက ယူနိုက်တက်ကို ဘယ်လိုပုံစံနဲ့ ဂိုးတွေသွင်းမလဲ ဆိုတာကိုပဲ တွေးတောခဲ့ကြတာပါ။ အခုတော့ မန်ချက်စတာ ယူနိုက်တက်ကလည်း မန်ချက်စတာ စီးတီးကို ဂိုးပြန်သွင်းနိုင်စွမ်း ရှိနေပါပြီ။ တကယ်လို့သာ မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ တပတ်မှာ ချယ်လ်ဆီး ကစားသွားတဲ့ ပုံစံအတိုင်း ကစားသွားခဲ့ရင် ဒီပွဲမှာ ရလဒ်ကောင်း တခု ရယူနိုင်စွမ်း ရှိနိုင်ပါတယ်။ တကယ်လို့ သူတို့က ကစားပုံကို ပြောင်းလဲပြီး ခံစစ်အထိုင်ဆော့ရင်တော့ စီးတီးက သူတို့ကို အနိုင်ယူသွားပါလိမ့်မယ်။

Photo Credit: Standard

   ဟာလန်းက အထောင်တိုက်စစ်နေရာမှာပဲ ကစားတတ်တဲ့ တိုက်စစ်မှူးပါ။ ချယ်လ်ဆီးနဲ့ ကစားခဲ့တဲ့ ပွဲမှာ ဆိုရင် သူက ပွဲအစ မိနစ် ၂၀မှာ ဘောလုံးထိခွင့်တောင် မရခဲ့ပါဘူး။ စီးတီးရဲ့ ကစားသမားတွေက ဟာလန်းဆီ ဘောလုံးရောက်အောင် ပေးပို့ဖို့ မှာကြားခံထားရပါလိမ့်မယ်။ တကယ်လို့ ဟာလန်းသာ ဂိုးမသွင်းနိုင်ရင် စီးတီးက ပြဿနာ စတက်ပါပြီ။ စီးတီးက ဟာလန်းဆီ ကနေ ဂိုးတွေ မရရင် ကျန်တဲ့ ကစားသမားတွေဆီ ကနေ ဂိုးတွေ ရဖို့ ညှစ်ကစားပါလိမ့်မယ်။ လာမယ့် ပွဲစဉ် ၂ပွဲက မန်ချက်စတာ ယူနိုက်တက်ရဲ့ ဘောလုံးရာသီကို အဆုံးအဖြတ် ပေးပါလိမ့်မယ်။ သူတို့က အဲ့ဒီနှစ်ပွဲမှာ (မန်စီးတီးနဲ့ပွဲ ၊ အာဆင်နယ်နဲ့ပွဲ) ရမှတ် ၄မှတ် အထိ ရယူနိုင်ခဲ့ရင် သူတို့က ချန်ပီယံဆုကို မျှော်လင့်နိုင်ပါပြီ။ သရေကျရုံနဲ့ ချန်ပီယံ ပြေးလမ်းကြောင်းထဲ ဝင်လာလို့ မရသေးပါဘူး။ ယူနိုက်တက် အခုချိန်မှာ သူတို့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို ပိုင်ဆိုင်ထားပါတယ်။ ဖာနန်ဒက်က မတူညီတဲ့ ကစားသမား တယောက် ဖြစ်လာသလို ရက်ဖို့ဒ်ကလည်း အသင်းကို ဦးဆောင် ကစားနိုင်စွမ်း ရှိနေပါပြီ။ သူက သူ့ကစားသမား ဘဝရဲ့ အကောင်းဆုံး ခြေစွမ်းကို ပိုင်ဆိုင်ထားတာပါ။ မန်ချက်စတာ ယူနိုက်တက်က အရမ်းကောင်းတဲ့ တန်ပြန်တိုက်စစ် ကစားဟန်ကို ပိုင်ဆိုင်ထားသလို သူတို့က စီးတီးကို နာကျင်မှုတွေ ပေးနိုင်ပါတယ်။ ကျွန်တော်ကတော့ ဒီပွဲဟာ ၂-၂နဲ့ ပြီးသွားမယ်လို့ပဲ ထင်ပါတယ်။

Photo Credit: Standard

စပါးနဲ့ အာဆင်နယ် (တနင်္ဂနွေနေ့ည ၁၁နာရီ)

ဒီလိုပွဲမျိုးကို တွေ့ရင် ကျွန်တော်က ဘောလုံးပြန်ကစားချင်လာပါတယ်။ ဒီပွဲက ခင်ဗျားတို့ကို စိတ်ပျက်စေမယ့် ပွဲမျိုး ဖြစ်လာမှာ မဟုတ်ပါဘူး။ လူတွေက တခြား ပွဲကြီးတွေကို အာရုံစိုက်နေကြပေမယ့် ဒါဘီပွဲတွေက ပရိသတ်တွေ စောင့်ကြည့်သင့်တဲ့ ပွဲတွေပါပဲ။ ဒီပွဲက ပရီးမီးယားလိဂ် ပွဲတွေထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံး ပွဲလို့ ပြောရင်လည်း ရနိုင်မယ့် ပွဲမျိုးပါ။ အန်ခီးတီးယားက အခုချိန်မှာ အကောင်းဆုံး ခြေစွမ်းတွေနဲ့ ကစားပြနေပါတယ်။ ကျွန်တော်က သူ့ဆီကနေ ဒီလိုမျိုး ခြေစွမ်းကောင်းတွေ မြင်ရဖို့ မျှော်လင့်ထားပြီးသားပါ။ အခုဆိုရင် သူက ခြေစွမ်းကောင်းကို ဆက်ထိန်းထားနိုင်ဖို့ပဲ လိုပါတော့တယ်။ သူက ဂိုးတွေ အများကြီး ထပ်သွင်းနိုင်ပါလိမ့်မယ်။ ပြီးတော့ ဂျေဇူးမှာ မရှိတဲ့ အရည်အသွေးတွေလည်း သူ့ဆီမှာ ရှိနေပါတယ်။ သူက ပုံမှန် ကစားခွင့် ရဖို့ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းခဲ့သလို ခြေစွမ်းကောင်းတွေ ဆက်ပြီး ထုတ်ပြနိုင်ဦးမယ်လို့ ထင်ပါတယ်။ အိုဒီဂတ်နဲ့ ဆာကာတို့ကလည်း အရမ်းကို ကောင်းနေကြပါတယ်။ အခု အာဆင်နယ်မှာ ရှိနေတဲ့ ကစားသမားတွေ အားလုံးက ခြေစွမ်းကောင်းတွေ ကိုယ်စီ ကိုယ်စီ ပိုင်ဆိုင်ထားသလို သူတို့ရဲ့ ခြေစွမ်းတွေကြောင့်ပဲ အာဆင်နယ်က အခုလို နေရာမျိုးကို ရောက်နေတာပါ။

Photo Credit: Standard

     တဖက်မှာတော့ ဟယ်ရီကိန်းက အာဆင်နယ် အတွက် ပြဿနာ တရပ် ဖြစ်လာနိုင်ပါတယ်။ တကယ်လို့ စပါးကသာ ခံစစ်ကို အားပြုပြီး ကစားသွားမယ် ဆိုရင် အာဆင်နယ်က နယူးကာဆယ်နဲ့ ပွဲတုန်းကလို ကစားကွက် ပျောက်သွားတာမျိုး ဖြစ်နိုင်ပါတယ်။ တကယ်လို့ စပါးကသာ တိုက်စစ်ချင်း ပြိုင်ကစားဖို့ ဆုံးဖြတ်ခဲ့ရင်တော့ အာဆင်နယ်အတွက် အခွင့်အရေးတွေ ရလာနိုင်ပါတယ်။ ကျွန်တော်က ဒီပွဲမှာ ဘယ်အသင်း နိုင်သွားမလဲ ဆိုတာကို အတပ် မပြောရဲပါဘူး။ ကျွန်တော်က အာဆင်နယ် နိုင်သွားဖို့ မျှော်လင့်မိပါတယ်။ ဒါပေမယ့် သူတို့တွေ အနိုင်ရမယ်လို့ မထင်ဘူးဗျ။ ကျွန်တော်ကတော့ ဒီပွဲဟာ ၂-၂နဲ့ပဲ ပြီးမယ်လို့ ခန့်မှန်းချင်ပါတယ်။