မန်ချက်စတာ စီးတီးအသင်းရဲ့ ကစားသမားဟောင်း တစ်ဦးဖြစ်သူ ဘင်ဂျမင် မန်ဒီက လိင်ပိုင်းဆိုင်ရာ စွပ်စွဲမှုတွေအတွက် တရားရင်ဆိုင်နေချိန်ကနေ လွတ်မြောက်လာချိန်အထိ လစာပေးချေခဲ့ခြင်း မရှိတဲ့ မန်စီးတီးအသင်းအပေါ် တရားစွဲဆိုလိုက်ပြီလို့ သိရပါတယ်။

အသက် (၂၉)နှစ်အရွယ် ပြင်သစ် ဘယ်နောက်ခံကစားသမား မန်ဒီဟာ ၂၀၂၀ခုနှစ်လောက်တုန်းက ချက်ရှိုင်းယားက သူရဲ့နေအိမ် အိပ်ခန်းထဲမှာ အသက် (၂၄)နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အလိုမတူပဲ အဓမ္မပြုကျင့်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီး အဲ့ဒီနှစ် မတိုင်ခင်က အမျိုးသမီးတစ်ဦးကိုပါ နေအိမ်မှာပဲ အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့သေးတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။

Photo Credit : LBC

ဒါပေမယ့် ဒီလို စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး ဒီနှစ်အစောပိုင်းမှာပဲ အပြစ်မရှိကြောင်း အမိန့်ချ လွတ်မြောက်လာခဲ့တဲ့ မန်ဒီဟာ လက်ရှိမှာတော့ ပြင်သစ်ကလပ် လော်ရီးယန့်အသင်းဆီ (၂)နှစ်စာချုပ်နဲ့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၇ခုနှစ်ကမှ မိုနာကိုကနေ မန်စီးတီးအသင်းဆီ ရောက်ရှိလာခဲ့တဲ့ မန်ဒီက စီးတီးနဲ့ (၃)ရာသီလောက်အထိ ဖြတ်သန်းပြီးချိန်မှာပဲ လိင်ပိုင်းဆိုင်ရာ အမှုတွေနဲ့ ရင်ဆိုင်လာရချိန်မှာတော့ မန်စီးတီးက မန်ဒီရဲ့ တစ်ပတ်လုပ်ခ ပေါင် (၁၀၀၀၀၀) ပေးချေမှုကိုပါ ကာလရှည်ကြာ ရပ်ဆိုင်းလိုက်ပါတယ်။

Photo Credit : talkSPORT

မန်စီးတီးအသင်းက မန်ဒီအတွက် လစာပေးချေမှုကို ၂၀၂၁ခုနှစ် စက်တင်ဘာကနေ ၂၀၂၃ ဇွန်လအထိ ပေးချေခဲ့ခြင်း မရှိတဲ့အပေါ် မန်ဒီက လက်မခံနိုင်တာကြောင့် တရားစွဲဆိုလိုက်တာဖြစ်ပြီး မန်စီးတီးအသင်းဆီကနေ ပေါင် (၁၀)သန်း ပြန်လည် ရရှိချင်နေပါတယ်။

မန်ဒီဟာ လိင်ပိုင်းဆိုင်ရာ အမှုက်ိစ္စပေါင်းများစွာနဲ့ အမှုရင်ဆိုင်ခဲ့ရပြီး ဘောလုံးအားကစားနဲ့လည်း (၂၃)လ (၂)နှစ်နီးပါးခန့်လောက်အထိလည်း အလှမ်းဝေးခဲ့ရပါတယ်။ အခုတော့ သူရဲ့ နစ်နာမှုတွေအတွက် အသင်းဟောင်းကို တရားစွဲဆိုထားပြီး ဒီကိစ္စဟာလည်း စိတ်ဝင်စားစရာ ဖြစ်လာခဲ့ရပါတယ်။