ယခုနှစ် နွေဈေးကွက် အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာခွင့် တောင်းခံထားတဲ့ ပေါ်တူဂီ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုရဲ့ အေးဂျင့်အဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ စူပါအေးဂျင့် မန်ဒက်စ်က သူ့ရဲ့ ကစားသမားကို အီတလီ စီးရီးအေ နာမည်ကြီးကလပ် နာပိုလီဆီ ပြောင်းရွှေ့နိုင်အောင် အစွမ်းကုန် ကြိုးပမ်းနေကြောင်း နာမည်ကြီး အီတလီ သတင်းထောက် ဒီမာဇီယိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ရိုနယ်ဒိုက ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ဂျူဗင်တပ်ကနေ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာသူ ဖြစ်ပေမယ့် မန်ချက်စတာ ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့တာကြောင့် ချန်ပီယံလိဂ် ကန်ခွင့်ရရေး အတွက် ယခု နွေဈေးကွက် အတွင်းမှာ အသင်းကနေ ထွက်ခွာခွင့် တောင်းခံထားသူလည်း ဖြစ်ပါတယ်။

Photo Credit: The Sun

လက်ရှိမှာတော့ ဥရောပ အင်အားကြီးအသင်းတွေက ရိုနယ်ဒိုကို ခေါ်ယူနိုင်မယ့် အခွင့်အရေးတွေကို ငြင်းဆန်ထားကြတာကြောင့် ရိုနယ်ဒိုအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရဖို့ အတွက် နာပိုလီ ၊ စပို့တင်း လစ္စဘွန်း စတဲ့ အသင်းတွေဆီသာ ပြောင်းရွှေ့နိုင်မယ့် အလားအလာတွေ ရှိနေပြီး မန်ဒက်စ်ကလည်း အဆိုပါ အချက်ကို သဘောပေါက်တာကြောင့် ရိုနယ်ဒိုကို နာပိုလီဆီ ပို့ဆောင်ပေးနိုင်ဖို့ ကြိုးပမ်းနေတာပါ။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ မန်ဒက်စ်က ရိုနယ်ဒိုရဲ့ အပြောင်းအရွှေ့ အတွက် နာပိုလီရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး နာပိုလီကလည်း ရိုနယ်ဒိုကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေကြောင်း သိရပါတယ်။

Photo Credit: The Sun

ဒါပေမယ့် နာပိုလီအနေနဲ့ ရိုနယ်ဒိုကို ခေါ်ယူချင်ရင် သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ အိုဆီမန်ကို အရင်ဆုံး ရောင်းချဖို့ လိုအပ်နေတာကြောင့် မန်ဒက်စ်ဟာ အိုဆီမန်ကို ဝယ်ယူဖို့ စိတ်ဝင်စားမယ့် အသင်းတသင်းကိုပါ ရှာဖွေပေးနေရကြောင်းလည်း ဒီမာဇီယိုက ပြောကြားထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကတော့ သူတို့ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒို အတွက် ပြောင်းရွှေ့ကြေး ယူရို ၁၅သန်း ဝန်းကျင် အထိ လိုချင်နေပြီး ရိုနယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာခွင့်ရရေး အတွက် လုပ်ခလစာကို လျှော့ယူရန် ဆုံးဖြတ်ထားပါတယ်။