ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာခွင့် တောင်းခံထားတဲ့ ပေါ်တူဂီ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့စ် မန်ဒက်က သူ့ရဲ့ ကစားသမားကို အသင်းဟောင်း စပို့တင်း လစ္စဘွန်းဆီ ပြန်ပို့ပေးဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း နာမည်ကြီး သတင်းထောက် လော်ရီ ဝှိုက်ဝဲလ်က အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ရိုနယ်ဒိုက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင် ကစားလိုတာကြောင့် ယခု နွေဈေးကွက် အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာဖို့ ကြိုးပမ်းနေသူ ဖြစ်ပြီး လက်ရှိမှာတော့ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ များများစားစား မရှိနေပါဘူး။

Photo Credit: BBC

မန်ချက်စတာ ယူနိုက်တက်ကတော့ သူတို့အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုကို လက်လွှတ်ဖို့ ဆန္ဒမရှိပေမယ့် ရိုနယ်ဒိုက သူနဲ့ အသင်းရဲ့ကြားမှာ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖျက်သိမ်းပေးဖို့ အထိ တောင်းဆိုထားပြီး ရိုနယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့စ် မန်ဒက်ကလည်း ရိုနယ်ဒိုကို ချန်ပီယံလိဂ်ဝင်ခွင့်ရ ထိပ်သီးအသင်း တသင်းဆီ ပို့ပေးနိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းနေကာ နွေဈေးကွက် မပိတ်မချင်း ရိုနယ်ဒို အတွက် အသင်းသစ် ရှာဖွေပေးသွားဖို့ ရှိနေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနရဲ့ ပင်တိုင် သတင်းထောက် လော်ရီ ဝှိုက်ဝဲလ်ရဲ့ ဖော်ပြချက်အရ ဂျော့စ် မန်ဒက်က ရိုနယ်ဒိုကို သူ့ရဲ့ ငယ်ဘဝကလပ် စပို့တင်း လစ္စဘွန်းဆီ ပြန်ပို့ပေးဖို့ စပို့တင်း လစ္စဘွန်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေကာ စပို့တင်းကလည်း သူတို့ရဲ့ ကစားသမားဟောင်း ရိုနယ်ဒိုကို ပြန်လည် ခေါ်ယူချင်နေပေမယ့် ရိုနယ်ဒို အတွက် မြင့်မားလှတဲ့ ပြောင်းရွှေ့ကြေး တရပ်ကို ပေးချေနိုင်ဖို့ ခက်ခဲနေကြောင်း သိရပါတယ်။

Photo Credit: BBC

ရိုနယ်ဒိုရဲ့ မိခင်ဟာ စပို့တင်း လစ္စဘွန်းရဲ့ အမာခံ ပရိသတ် တဦး ဖြစ်သလို သူ့ရဲ့ သားကိုလည်း ကစားသမား ဘဝ အဆုံးမသတ်မီ စပို့တင်း လစ္စဘွန်းဆီ ပြန်ပို့ပေးမယ်လို့ ကတိပေးထားတာကြောင့် ရိုနယ်ဒိုအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရထားတဲ့ စပို့တင်း လစ္စဘွန်းဆီ ပြန်သွားဖို့ စိတ်ဝင်စားနေကြောင်း ပေါ်တူဂီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါသေးတယ်။