ပြီးခဲ့တဲ့နွေရာသီက မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာခဲ့တဲ့ စကော့တလန် ကွင်းလယ်ကစားသမား စကော့တ် မက် တွမ်မီနေးဟာ နာပိုလီအသင်းနဲ့အတူ စီးရီးအေချန်ပီယံ ဖြစ်ခဲ့တဲ့အပြင် စီးရီးအေရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကိုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

တွမ်မီနေးက BBC Sport နဲ့ အင်တာဗျူးမှာ “နာပိုလီက လူတွေက မယုံနိုင်စရာကောင်းလောက်အောင် စိတ်အားထက်သန်ကြတယ်။ ဘယ်သွားသွား ‘Forza Napoli’ (နာပိုလီ အားပေးသံ)ကို အော်နေတဲ့သူတွေ ရှိတယ်။ သူတို့က စကားပြောချင်ကြတယ်။ စကားစမြည်ပြောချင်ကြတယ်။ အဲဒါက ကွင်းထဲ ခြေချတိုင်း စိတ်ဓာတ်ခွန်အားဖြစ်စေတယ်။ အီတလီမှာ အင်္ဂလန်နဲ့ လုံးဝမတူတဲ့ ဘဝနေထိုင်မှုပုံစံ ရှိတယ်။ စားသောက်တဲ့ပုံစံကအစ နေထိုင်တဲ့ပုံစံအဆုံးပေါ့။”

Photo Credit : Goal

“ဒါက ကျွန်တော့်ကို စိတ်ပိုင်းဆိုင်ရာ ခွန်အားတွေ အများကြီးပေးခဲ့တယ်။ အရင်က မိသားစုနဲ့ နီးနီးနားနားနေခဲ့တာ။ အခု ကီလိုမီတာ ၂၀၀၀ လောက်ဝေးနေတော့ အမေ အစ်မ ကလေးတွေကို အချိန်မရွေး သွားတွေ့လို့မရဘူး။ ဒါပေမဲ့ တခါတလေကျရင်တော့ ကိုယ့်ရဲ့ သက်တောင့်သက်သာဇုန်ကနေ ထွက်လာရတာမျိုးတွေ ရှိတတ်တယ်။ ကျွန်တော် အဲဒီလို လုပ်ခဲ့ရတာကို အမြဲတမ်း ဂုဏ်ယူတယ်။” လို့ ဆိုလိုက်ပါတယ်။

မန်ချက်စတာ စီးတီးကနေ ကွင်းလယ်ဖန်တီးရှင် ကစားသမားကြီး ကီဗင် ဒီဘရိုင်း ရောက်ရှိလာတဲ့အကြောင်း မေးမြန်းရာမှာ တွမ်မီနေးက “သူက မယုံနိုင်စရာ ကစားသမားတစ်ယောက်ပါ။ အသင်းကို အရည်အသွေးတွေ အများကြီး ယူဆောင်လာပေးမှာ သေချာတယ်။ သူ့လို ကစားသမားတစ်ယောက် ကျွန်တော်တို့အသင်းမှာ ပါဝင်လာတာက အရမ်းကောင်းပါတယ်။”

Photo Credit : X

“ဒီလို အရည်အသွေးရှိတဲ့ ကစားသမားတွေကို အသင်းထဲ ခေါ်ယူတာက အရမ်းကို အရေးကြီးတယ်။ ကျွန်တော်တို့ လက်ရှိရထားတဲ့အခြေအနေနဲ့တင် ကျေနပ်မနေဘဲ ဒါကို အခြေခံပြီး ဆက်လက်တိုးတက်အောင် ကြိုးစားသွားချင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

စီးရီးအေချန်ပီယံ နာပိုလီအသင်းဟာ အခုဆိုရင် ချန်ပီယံဆုကို ဆက်လက် ကာကွယ်သွားနိုင်ဖို့အတွက်နဲ့ ချန်ပီယံလိဂ်မှာပါ စိန်ခေါ်မှုတွေ လုပ်ဆောင်နိုင်ဖို့ ဒီဘရိုင်းအပြင် အမ်ပိုလီ ခံစစ်မှူးလေး မာရီရန်နူချီတို့ကို ခေါ်ယူထားနိုင်ခဲ့ပြီး PSV အသင်းက နယ်သာလန် တောင်ပံကစားသမား နိုအာ လန်းကိုပါ ခေါ်ယူသွားဖို့ ရှိနေပါတယ်။