နာပိုလီအသင်းရဲ့ ကွင်းလယ်ကစားသမား စကော့ မက်တွမ်မီနေးဟာ သူ့ရဲ့အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်က အသင်းဖော်ဟောင်းဖြစ်သူ ရက်စ်မက်စ် ဟွိုင်းလန်းကို အီတလီချန်ပီယံအသင်းထံ လာရောက်ပူးပေါင်းဖို့ ကိုယ်တိုင်ဖုန်းဆက်ပြီး စည်းရုံးပြောဆိုခဲ့တယ်လို့ အီတလီသတင်းတွေက ဖော်ပြလိုက်ပါတယ်။
အိုးထရက်ဖို့ဒ်မှာ ဟွိုင်းလန်းနဲ့အတူ (၃၄)ပွဲ တွဲဖက်ကစားခဲ့ဖူးတဲ့ တွမ်မီနေးဟာ ဒိန်းမတ်တိုက်စစ်မှူးကို နာပိုလီထံ ပြောင်းရွှေ့လာအောင် တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းနေတယ်လို့ အီတလီအားကစားသတင်းစာ Corriere Dello Sport က ရေးသားခဲ့ပါတယ်။
Photo Credit : Football Insider
နာပိုလီအသင်းဟာ ယူရို (၄၅)သန်းတန်ကြေးရှိတဲ့ အပြောင်းအရွှေ့တစ်ခုကို ပြင်ဆင်နေပြီး ယူနိုက်တက်ဘက်ကလည်း ဒီကမ်းလှမ်းမှုကို လက်ခံဖွယ်ရှိနေပါတယ်။ အဆိုပါကမ်းလှမ်းမှုဟာ ကနဦး ယူရို (၅)သန်းတန် အငှားစာချုပ်ဖြစ်ပြီး ရာသီကုန်မှာ ယူရို သန်း(၄၀)နဲ့ မဖြစ်မနေ အပြီးသတ်ဝယ်ယူရမယ့် သဘောတူညီချက်တစ်ခု ပါဝင်တယ်လို့ သိရပါတယ်။
အသက် (၂၂)နှစ်အရွယ် ဟွိုင်းလန်းဟာ ယူနိုက်တက်နည်းပြ ရူဘင် အမိုရင်ရဲ့ လက်အောက်မှာ ပွဲကစားခွင့်အတွက် ရုန်းကန်နေရပြီးနောက် စီးရီးအေကလပ်တွေဖြစ်တဲ့ နာပိုလီနဲ့ အေစီမီလန်တို့ရဲ့ စိတ်ဝင်စားမှုကို အပြင်းအထန် ခံနေရတာပါ။ ဒိန်းမတ်လက်ရွေးစင် တိုက်စစ်မှူးဟာ ယူနိုက်တက်ရဲ့ ရာသီအဖွင့်ပွဲစဉ်နှစ်ပွဲဖြစ်တဲ့ အာဆင်နယ် ဖူလ်ဟမ်တို့နဲ့ပွဲတွေမှာ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။
Photo Credit : Goal
အခြားတစ်ဖက်မှာတော့ အသက် (၂၈)နှစ်အရွယ် တွမ်မီနေးဟာ ပြီးခဲ့တဲ့နွေရာသီက ယူနိုက်တက်ကနေ နာပိုလီကို ပြောင်းရွှေ့ခဲ့ပြီးနောက် အီတလီမြေမှာ ထူးခြားစွာ ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ စကော့တလန်လက်ရွေးစင်ဟာ ၂၀၂၄-၂၅ ရာသီမှာ နည်းပြ အန်တိုနီယို ကွန်တီရဲ့အသင်းအတွက် စီးရီးအေ (၃၄)ပွဲမှာ (၁၂)ဂိုးအထိ သွင်းယူပေးခဲ့ပြီး အင်တာမီလန်ကို ကျော်ဖြတ်ကာ လိဂ်ဖလားကို ဆွတ်ခူးနိုင်အောင် ကူညီပေးခဲ့ပါတယ်။
တွမ်မီနေးနဲ့ နာပိုလီအသင်းတို့ဟာ လာမယ့် သြဂုတ်လ (၃၀)ရက်နေ့မှာ ကက်ဂလီယာရီအသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပြီး ယူနိုက်တက်အသင်းကတော့ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ကာရာဘောင်းဖလား ဒုတိယအဆင့်ပွဲစဉ်အဖြစ် လိဂ်တူးကလပ် ဂရင်းစဘီတောင်းအသင်းနဲ့ အဝေးကွင်း သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။