ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ စကော့တလန်တို့ရဲ့ ကွင်းလယ်လူ မက် တော်မီနေးက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဆိုက်ပရပ် ၀-၃ စကော့တလန် ပွဲစဉ်မှာ အသင်းအတွက် တဂိုးသွင်း ၊ တဂိုး ဖန်တီးပေးနိုင်ခဲ့ပြီးနောက် ယူရို ၂၀၂၄ပြိုင်ပွဲ ၊ ခြေစစ်ပွဲအဆင့်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားစာရင်းကို ဦးဆောင်ခွင့် ရခဲ့ကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ အကယ်ဒမီထွက် ကွင်းလယ်လူ တော်မီနေးက ယူနိုက်တက်မှာ ကွင်းလယ်ခံစစ်နဲ့ ဗဟိုကွင်းလယ်လူ အဖြစ်သာ ကစားခွင့် ရတာကြောင့် သွင်းဂိုးတွေ များများစားစား သွင်းယူနိုင်ခြင်း မရှိပေမယ့် စကော့တလန်မှာတော့ တိုက်စစ်ရော ၊ ခံစစ်ပါ လိုက်ပါ ကစားခွင့်ရတဲ့ Box To Box ကွင်းလယ်လူ အဖြစ် ကစားခွင့် ရနေတာကြောင့် သူ့ရဲ့ ဂိုးသွင်းစွမ်းရည်ကို ကောင်းကောင်းကြီး သက်သေပြထားနိုင်ပါတယ်။

Photo Credit: Euro Sports

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဆိုက်ပရပ်နဲ့ စကော့တလန် ပွဲစဉ်မှာ တော်မီနေးက အသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၆မိနစ်မှာတင် သွင်းယူပေးနိုင်ခဲ့သလို ပွဲသိမ်းအနိုင်ဂိုး ဖြစ်တဲ့ မက်ဂင်းရဲ့ သွင်းဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါသေးတယ်။

အဆိုပါနိုင်ပွဲကြောင့် စကော့တလန်က ခြေစစ်ပွဲ အုပ်စုအဆင့်မှာ ၅ပွဲ ကစား ၊ ၅ပွဲနိုင် ဆိုတဲ့ ရလဒ်နဲ့ စပိန် ၊ နော်ဝေတို့ကို ကျော်ဖြတ်ကာ အုပ်စုပထမနေရာကို သိမ်းပိုက်ထားနိုင်သလို မက် တော်မီနေးကလည်း ခြေစစ်ပွဲအဆင့်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားစာရင်းထဲ ပါဝင်လာပါတယ်။

Photo Credit: Sky Sports

တော်မီနေးက ခြေစစ်ပွဲ ၅ပွဲမှာ သွင်းဂိုး ၆ဂိုး အထိ သွင်းယူနိုင်ခဲ့တာကြောင့် အသင်းဖော် ဒိန်းမတ်တိုက်စစ်မှူး ဟွိုက်လန်း ၊ ဘယ်လ်ဂျီယံ တိုက်စစ်မှူး လူကာကူတို့နဲ့အတူ ခြေစစ်ပွဲအဆင့်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားစာရင်းရဲ့ နံပါတ်၁နေရာကို သိမ်းပိုက်ထားနိုင်ပါတယ်။

တော်မီနေးက ကွင်းလယ်လူ တဦး ဖြစ်တာကြောင့် ခြေစစ်ပွဲအဆင့်ရဲ့ ရွှေဖိနပ်ဆုကို ရရှိဖို့ မလွယ်ကူပေမယ့် သူ့ရဲ့ ဂိုးသွင်းစွမ်းဆောင်ရည်ကြောင့် သွင်းဂိုးတွေ နည်းပါးနေတဲ့ မန်ချက်စတာ ယူနိုက်တက်မှာ ကစားခွင့် ပြန်ရမယ့် အလားအလာတွေ ရှိနေပါတယ်။