မနေ့ညက အိုးထရက်ဖို့ဒ်ကွင်းကြီးထဲ ယှဉ်ပြိုင်သွားခဲ့ကြတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ဘရန့်ဖို့ဒ်အသင်းတို့ရဲ့ ပွဲစဉ်အတွင်း အိမ်ရှင် ယူနိုက်တက်အတွက် အကောင်းဆုံး ကယ်တင်ပေးခဲ့တဲ့ ကွင်းလယ်လူ တွမ်မီနေးက သူ့အနေနဲ့ ဘယ်တော့မှ အရှုံးမပေးတဲ့ ခံစားချက်ကို ကောင်းကောင်းကြီး သိနေတယ်လို့ ပြောဆိုလာခဲ့ပါတယ်။
ယူနိုက်တက်အသင်းရဲ့ အမေ့ခံ ကွင်းလယ်ကစားသမား တွမ်မီနေးဟာ မနေ့ညက ပွဲစဉ်မှာ အသင်းအတွက် လူစားဝင် ကစားခွင့် ရရှိရင်း အရေးပါတဲ့ သွင်းဂိုး (၂)ဂိုးကို နာကျင်အချိန်ပိုမှာ သွင်းယူခဲ့ရင်း ယူနိုက်တက်ကို နိုင်ပွဲ ပြန်ရှာတွေ့စေခဲ့ပါတယ်။
Photo Credit : Twitter
အသင်းရဲ့ ကွင်းလယ်မှာ ကက်စီမဲရိုး မေဆန်မောင့် ဖာနန်ဒက်စ် အမ်မရာဘတ် ဟန်နီဘယ်လ်တို့ရဲ့နောက်မှသာ နောက်ဆုံး ဦးစားပေးအဖြစ် ပါဝင်ခွင့်ရနေတဲ့ စကော့တလန်သားကြီး တွမ်မီနေးဟာ မနေ့ညက ပွဲစဉ်မှာတော့ စကော့တလန်သားတွေရဲ့ စိတ်ဓါတ်မျိုးကို အကောင်းဆုံး ပြသသွားနိုင်ခဲ့ပါတယ်။
အိုးထရက်ဖို့ဒ်ကွင်းကြီးမှာတောင် ရလဒ်တွေ ဆက်တိုက် ဆိုးရွှားနေရတဲ့ အဲရစ် တန်ဟက်ဂ်ရဲ့ ယူနိုက်တက်အသင်းကို သွင်းဂိုး (၂)ဂိုးနဲ့ ကယ်တင်ပေးခဲ့တဲ့ တွမ်မီနေးဟာ အခုဆိုရင် ယူနိုက်တက်အတွက် နာကျင်အချိန်ပိုမှာ သွင်းဂိုး (၂)ဂိုးလုံး သွင်းယူပေးနိုင်တဲ့ ပထမဆုံး ကစားသမားအဖြစ်လည်း စံချိန်တင်သွားခဲ့ပါသေးတယ်။
Photo Credit : Twitter
ဒီလို စွမ်းဆောင်မှုနဲ့ ပတ်သက်ပြီး တွမ်မီနေးက “ဘယ်တော့မှ အရှုံးမပေးဘူးဆိုတဲ့ အသိနဲ့ ဒီဘောလုံးအသင်းမှာ ကျွန်တော် ကြီးပြင်းလာခဲ့တာ။ မန်ချက်စတာ ယူနိုက်တက်အသင်းဆီ စတင် ရောက်ရှိလာခဲ့တဲ့ (၅)နှစ်သား အရွယ်မှာကတည်းက အရှုံးမပေးတဲ့ စိတ်ဓါတ်နဲ့ ကြီးပြင်းလာခဲ့တာပါ။”
“ဘယ်တော့မှ အရှုံးမပေးဘူးဆိုတဲ့ ခံစားချက်ကိုလည်း တခြားလူတွေ အားလုံးထက် ကောင်းကောင်းကြီးကို ကျွန်တော် သိထားပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။