လီဗာပူးလ် ကွင်းလယ်ကြယ်ပွင့် အလက်ဆစ် မက်အယ်လစ္စတာက သူ့ရဲ့လက်ရှိကလပ်အသင်းကို တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ ကြယ်ပွင့်ကစားသမားတစ်ဦးကို ခေါ်ယူပေးဖို့ ဆန္ဒပြင်းပြစွာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ထိုကစားသမားဟာ သူ့ရဲ့ကစားသမားဘဝနေရာမှာ ကမ္ဘာ့အကောင်းဆုံး ဖြစ်တယ်လို့လည်း ချီးကျူး ပြောဆိုသွားခဲ့ပါတယ်။
မက်အယ်လစ္စတာဟာ သူ့ရဲ့အာဂျင်တီးနား လက်ရွေးစင် အသင်းဖော် ခရစ္စတီယန် ရိုမဲရိုးကို ခေါ်ယူဖို့အတွက် အသင်းကို အသည်းအသန် တိုက်တွန်းပြောဆိုခဲ့တာဖြစ်ပြီး ရိုမဲရိုးဟာ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတွေထဲက တစ်ဦးဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။ TNT Sports သတင်းဌာနက သူ့အနေနဲ့ အန်ဖီးလ်မှာ ဘယ်ကစားသမားကို အတူတွဲကစားချင်ဆုံးလဲလို့ မေးမြန်းခဲ့ရာမှာ မက်အယ်လစ္စတာက ရိုမဲရိုးရဲ့နာမည်ကို ချက်ချင်းဆိုသလို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
Photo Credit : Metro
သူ့ရဲ့အကြောင်းပြချက်ဟာ နိုင်ငံသား အချင်းချင်း ရင်းနှီးခင်မင်မှုထက်ကို ပိုခဲ့ပြီး ရိုမဲရိုးရဲ့ကွင်းအတွင်း အရည်အသွေးနဲ့ ပွဲစဉ်တွေအတွင်း ယုံကြည်မှုကို ဘယ်လောက်ပေးနိုင်တယ်ဆိုတဲ့အပေါ်မှာ အခြေခံထားပါတယ်။ ကမ္ဘာ့ဖလားချန်ပီယံ မက်အယ်လစ္စတာက “အိုး… ကူတီ(ရိုမဲရိုး)ပေါ့။ သူက ကျွန်တော် အရမ်းချစ်ရတဲ့ ကစားသမားပါ။”
“သူ့ရဲ့ ပြောပုံဆိုပုံနဲ့ ကစားပုံတွေကြောင့် တစ်ခါတစ်လေမှာ သူက တော်လွန်းနေတယ်လို့တောင် ခံစားရပါတယ်။ ဘာလို့လဲဆိုတော့ သူက အရာအားလုံးကို လွယ်ကူသွားအောင် လုပ်ဆောင်နိုင်လို့ပါပဲ။ သူက ကျွန်တော့်ကို ယုံကြည်မှုအပြည့်အဝပေးတယ်။ ကျွန်တော့်အတွက်တော့ သူဟာ ကမ္ဘာ့အကောင်းဆုံး ဗဟိုနောက်ခံလူအဖြစ် နှစ်တော်တော်ကြာရပ်တည်နေခဲ့တာပါ” လို့ ဆိုပါတယ်။
Photo Credit : Goal
မက်အယ်လစ္စတာနဲ့ ရိုမဲရိုးတို့ဟာ အာဂျင်တီးနား လက်ရွေးစင်အသင်းရဲ့ မကြာသေးမီက အောင်မြင်မှုတွေမှာ အဓိကကျတဲ့ ခိုင်မာတဲ့ တွဲဖက်ညီမှုကို တည်ဆောက်ထားနိုင်ခဲ့ကြပါတယ်။ သူတို့နှစ်ဦးစလုံးဟာ ၂၀၂၄ ခုနှစ် ကိုပါအမေရိကဖလားနဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားတို့ကို ဆွတ်ခူးခဲ့တဲ့ အာဂျင်တီးနားအသင်းရဲ့ အဓိကကစားသမားတွေ ဖြစ်ခဲ့ကြပါတယ်။ သူတို့နှစ်ဦးရဲ့ ကွင်းအတွင်း နားလည်မှုနဲ့ အပြန်အလှန် လေးစားမှုတွေဟာ ထင်ရှားပေါ်လွင်နေပြီး အခုအခါမှာတော့ မက်အယ်လစ္စတာက ဒီဆက်ဆံရေးကောင်းကို လီဗာပူးအသင်းဆီ ယူဆောင်လာချင်နေတာ ဖြစ်ပါတယ်။
မက်အယ်လစ္စတာက မျှော်လင့်တကြီး ထောက်ခံပြောဆိုနေပေမယ့်လည်း ရိုမဲရိုးကတော့ လီဗာပူးလ်ကို ပြောင်းရွှေ့လာဖို့ကတော့ လတ်တလောမှာ ဖြစ်နိုင်ခြေနည်းပါးနေပါတယ်။ စပါးနောက်ခံလူကို အက်သလက်တီကို မက်ဒရစ်အသင်းက ပစ်မှတ်ထားနေပြီး ရိုမီယိုကိုယ်တိုင်ကလည်း ဒီသတင်းတွေကို ငြိမ်သက်အောင်လုပ်ဆောင်မယ့်ပုံမရှိဘဲ သတင်းထောက်တွေကို “ကျွန်တော် လာလီဂါမှာ ကစားချင်ပါတယ်။ စပိန်မှာကစားနေတဲ့ အသင်းဖော်တွေ အများကြီးရှိပြီး သူတို့ပွဲတွေကို ကျွန်တော်တို့ ကြည့်ဖြစ်ကြတယ်။ အဲ့ဒါက ကျွန်တော်ကစားချင်တဲ့ လိဂ်တွေထဲက တစ်ခုပါ။” လို့ ဖွင့်ဟပြောကြားထားပါတယ်။