လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်ကစားသမား အလက်ဆစ် မက် အယ်လစ္စတာက ရီးရဲလ် မက်ဒရစ် အသင်းရဲ့ စိတ်ဝင်စားမှုတွေ ရရှိနေတယ်ဆိုပြီး ထွက်ပေါ်နေတဲ့ ကောလာဟလ သတင်းတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ သဘောထားကို ဖွင့်ဟ ပြောကြားလိုက်ပါတယ်။

၂၀၂၃ ခုနှစ်မှာ ဘရိုက်တန် အသင်းကနေ လီဗာပူးလ်အသင်းဆီ ရောက်ရှိလာတဲ့ အာဂျင်တီးနား ကြယ်ပွင့်ဟာ ရီးရဲလ်အသင်းရဲ့ ပစ်မှတ်တစ်ခုအဖြစ် သတင်းထွက်ပေါ်လာခဲ့တာပါ။ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ခဲ့သူ မက်အယ်လစ္စတာဟာ ရီးယဲလ်အသင်း ပစ်မှတ်ထားနေတဲ့ ကွင်းလယ်ကစားသမား စာရင်းမှာ ဆိုစီဒက် ကွင်းလယ်လူ မာတင် ဇူဘီမန်ဒီကို ကျော်လွှားပြီး အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ခံနေရတယ်လို့ သတင်းတွေက ဆိုပါတယ်။ ဒါပေမယ့် ဒီကောလာဟလတွေနဲ့ ပတ်သက်ပြီး တိုက်ရိုက် မေးမြန်းခဲ့ရာမှာတော့ မက်အယ်လစ္စတာက တည်ငြိမ်ပြီး လက်တွေ့ကျတဲ့ တုံ့ပြန်မှုမျိုး ပေးခဲ့ပါတယ်။

Photo Credit : Liverpool Echo

TyC Sports သတင်းထောက် ဂတ်စတွန် အီဒူးလ်နဲ့ အင်တာဗျူးမှာ အာဂျင်တီးနား လက်ရွေးစင် ကစားသမားက သူ့ပတ်ဝန်းကျင်က သတင်းတွေကို သိရှိကြောင်း ဝန်ခံခဲ့ပေမယ့် လီဗာပူးလ်နဲ့အတူ သူ့ရဲ့ ကတိကဝတ်တွေအပေါ်မှာပဲ အာရုံစိုက်ထားကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်။ “ကောလာဟလတွေကို ကျွန်တော် ဖတ်မိပါတယ်။ သတင်းတွေလည်း ကျွန်တော့်ဆီ ရောက်လာပါတယ်။ ဒါပေမယ့် အရေးကြီးတာက လက်ရှိ အချိန်ပါပဲ။ ကလပ်က ကျွန်တော့်ကို ဘယ်လောက်ပဲ စိတ်ဝင်စားနေပါစေ။ ဒီလာမယ့် weekend မှာ ကျွန်တော် ခြေစွမ်းမပြနိုင်ဘူးဆိုရင် သူတို့ရဲ့ စိတ်ဝင်စားမှု လျော့ကျသွားမှာပါ” လို့ သူက ဆိုပါတယ်။

ဒါဟာ မက်အယ်လစ္စတာ ဘက်ကနေ အပြောင်းအရွှေ့ သတင်းတွေကို တုံ့ပြန်တာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ဧပြီလ အစောပိုင်းတုန်းကလည်း ကစားသမားရဲ့ ဖခင်ဖြစ်သူ ကားလို့စ် မက်အယ်လစ္စတာက သူ့သားဟာ လီဗာပူးလ်ကနေ စောစောစီးစီး ထွက်ခွာဖို့ အစီအစဉ် မရှိဘဲ ၂၀၂၈ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်ကို ပြည့်မီအောင် ဖြည့်ဆည်းသွားဖို့ ရည်ရွယ်ထားကြောင်း ရှင်းလင်း ပြောကြားခဲ့ဖူးပါတယ်။

Photo Credit : This is Anfield

ဖခင်ရဲ့ စကားကို ထောက်ခံတဲ့အနေနဲ့ မက်အယ်လစ္စတာကလည်း “ကျွန်တော် လီဗာပူးလ်မှာ အဆင်ပြေနေပါတယ်။ ပြီးတော့ ဘာမှ ထပ်ပြီး လိုအပ်နေတာမျိုးလည်း မရှိပါဘူး။ ဒါကြောင့် ကလပ်အပေါ်မှာ လေးစားမှု အများကြီး ထားပါတယ်။ တခြား ကလပ်တွေအကြောင်း ပြောဖို့ မလိုအပ်ဘူးလို့လည်း ထင်ပါတယ်။” လို့ ဆိုပါတယ်။

မက်အလစ္စတာက အင်္ဂလန်မှာ အသားကျအောင် ကြိုးစားခဲ့ရတဲ့ သူ့ရဲ့ အတွေ့အကြုံနဲ့ ပရိသတ်တွေ အသင်းဖော်တွေဆီက ရရှိခဲ့တဲ့ အားပေးမှုတွေ အကြောင်းကိုလည်း ရှင်းပြခဲ့ပါတယ်။ “ကျွန်တော် အိမ်နဲ့ နည်းနည်း အလှမ်းဝေးနေတော့ ပရိသတ်တချို့က လေးလေးစားစားနဲ့ နှုတ်ဆက်ကြတယ်။ ဒါပေမယ့် မြို့ထဲမှာတော့ သူတို့က ပိုပြီးတော့ အားတက်သရော ရှိကြတယ်။ ကလပ်က မိသားစုလိုပါပဲ။ စကားတစ်ခွန်းတည်းနဲ့ အားလုံးကို အနှစ်ချုပ်ပြနိုင်ပါတယ်။ ‘မင်း ဘယ်တော့မှ တစ်ယောက်တည်း လျှောက်လှမ်းရမှာ မဟုတ်ဘူး’ ဆိုတာပါပဲ” လို့ သူက ဆိုပါတယ်။