မန်ချက်စတာ ယူနိုက်တက်အသင်းဟာ မားတီယက်စ် ကွန်ညာကို ခေါ်ယူနိုင်ခဲ့ပြီးနောက် နောက်ထပ် တိုက်စစ်ကစားသမားတစ်ဦးကို ခေါ်ယူဖို့ ပိုမိုနီးစပ်လာနေပြီဖြစ်ပြီး ဘရန့်ဖို့ဒ်တိုက်စစ်မှူး ဘရိုင်ယန် အမ်ဘူမိုကလည်း ဒီနွေရာသီမှာ အိုးထရက်ဖို့ဒ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။
ဘရန့်ဖို့ဒ်အသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူး ဘရိုင်ယန် အမ်ဘူမိုဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ကစားလိုကြောင်း ဆန္ဒရှိနေပါတယ်။ ကင်မရွန်းလက်ရွေးစင်ကစားသမားဖြစ်သူ အမ်ဘူမိုက သူ့ရဲ့ဦးစားပေးအသင်းကို အရိပ်အမြွက်ပြောကြားခဲ့ပြီးနောက် မန်ယူနိုက်တက်အသင်းဟာ အသက်(၂၅)နှစ်အရွယ် တိုက်စစ်မှူးအတွက် ဘရန့်ဖို့ဒ်အသင်းနဲ့ တရားဝင် ဆွေးနွေးမှုတွေ စတင်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။
Photo Credit : Foot Africa
၂၀၂၄/၂၅ ပရီးမီးယားလိဂ်ရာသီမှာ သွင်းဂိုး(၂၀)အထိ ရရှိခဲ့တဲ့ အမ်ဘူမိုဟာ နည်းပြ သောမတ်စ် ဖရန့်ခ်ရဲ့ ဘရန့်ဖို့ဒ်အသင်းမှာ အဓိကကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြသနေသူဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ်အသင်းအများအပြားရဲ့ စိတ်ဝင်စားမှုကိုလည်း ရရှိထားသူပါ။ အမ်ဘူမိုဟာ အနောက်လန်ဒန်အခြေစိုက် ဘရန့်ဖို့ဒ်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ပေမယ့် အသင်းဘက်က နောက်ထပ်(၁၂)လ သက်တမ်းတိုးခွင့်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။
The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘရန့်ဖို့ဒ်ရဲ့ အဓိကကစားသမားဖြစ်သူ အမ်ဘူမိုကို အာဆင်နယ်၊ နယူးကာဆယ်နဲ့ တော့တင်ဟမ် ဟော့စပါးအသင်းတို့ကလည်း စိတ်ဝင်စားနေကြပေမယ့် အမ်ဘူမိုကိုယ်တိုင်ကတော့ လက်ရှိကလပ်အသင်းနဲ့ ပြောင်းရွှေ့ကြေးဆိုင်ရာ သဘောတူညီမှုရရှိပါက အိုးထရက်ဖို့ဒ်ကိုသာ ပြောင်းရွှေ့ဖို့ ဆန္ဒပြင်းပြနေတယ်လို့ သိရပါတယ်။
Photo Credit : Metro
အမ်ဘူမိုကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေးဟာ ပေါင်သန်း(၅၀)အထိ သုံးစွဲရနိုင်ပြီး ဈေးသက်သက်သာသာနဲ့ ရရှိဖို့ မလွယ်ကူဘူးလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ် ဖရန့်ခ်ကလည်း အမ်ဘူမိုရဲ့ ပြောင်းရွှေ့ကြေးဟာ တန်ဖိုးကြီးမားလိမ့်မယ်လို့ အခိုင်အမာ ပြောဆိုထားပါတယ်။
အမ်ဘူမိုရဲ့ ဆုံးဖြတ်ချက်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးက အဓိကကျတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ဥရောပရဲ့ ထိပ်တန်းပြိုင်ပွဲဝင်ခွင့်ရ အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိထားတဲ့ အမ်ဘူမိုကတော့ မန်ယူနိုက်တက်အသင်းကိုသာ သူ့ရဲ့ဦးစားပေးအသင်းအဖြစ် ရွေးချယ်ခဲ့ကြောင်း သိရပါတယ်။ မကြာသေးမီကမှ မားတီယက်စ် ကွန်ညာကို ခေါ်ယူထားတဲ့ မန်ယူအသင်းဟာ နည်းပြသစ် ရူဘင် အမိုရင်ရဲ့ လက်အောက်မှာ အသင်းလူစာရင်းကို ပိုမိုတောင့်တင်းအောင် ကြိုးပမ်းနေချိန်မှာ အသင်းရဲ့ သမိုင်းအစဉ်အလာကောင်းတွေကြောင့် ကစားသမားတွေကို ဆွဲဆောင်နိုင်စွမ်း ရှိနေဆဲဖြစ်ကြောင်း ဒီအပြောင်းအရွှေ့က သက်သေပြနေပါတယ်။