မန်ချက်စတာ ယူနိုက်တက်အသင်းဆီကို ပေါင်(၇၁)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ကစားသမားသစ် ဘရိုင်ယန် အမ်ဘူမိုက သူငယ်စဉ်ဘဝကတည်းက ခရစ္စတီယာနို ရော်နယ်လ်ဒိုကို အားကျခဲ့သူတစ်ဦးဖြစ်ပြီး သူပိုင်ဆိုင်ခဲ့တဲ့ ပထမဆုံးဘောလုံးဂျာစီမှာ ရော်နယ်လ်ဒို ယူနိုက်တက်မှာ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်(၇) ဂျာစီဖြစ်ကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။
ပြင်သစ်နိုင်ငံဖွား ကင်မရွန်း လက်ရွေးစင် တိုက်စစ်ကစားသမား အမ်ဘူမိုဟာ ပေါ်တူဂီစူပါစတား ရော်နယ်ဒို မန်ချက်စတာ ယူနိုက်တက်အသင်းကို ၂၀၀၃ ခုနှစ်မှာ ပထမဆုံးအကြိမ်ရောက်ရှိလာစဉ်က အသက်(၄)နှစ်အရွယ်သာ ရှိပါသေးတယ်။ ရော်နယ်လ်ဒိုဟာ အိုးလ်ထရပ်ဖို့ဒ်မှာ ကစားခဲ့တဲ့ကာလအတွင်း Ballon d’Or ဆုနဲ့ ချန်ပီယံလိဂ်ဖလားတွေကို ဆွတ်ခူးနိုင်ခဲ့ပြီး ကမ္ဘာကျော်ကစားသမားတစ်ဦးအဖြစ် လျင်မြန်စွာ တက်လှမ်းနိုင်ခဲ့ပါတယ်။
Photo Credit : The Sun
လက်ရှိမှာ အသက်(၄၀)အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်လ်ဒိုဟာ လက်ရှိအချိန်မှာ ဆော်ဒီ ပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းနဲ့အတူ ခြေစွမ်းပြနေဆဲဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေနဲ့ လူငယ်ကစားသမား သန်းပေါင်းများစွာအတွက် စံပြပုဂ္ဂိုလ်တစ်ဦးအဖြစ် ဆက်လက်တည်ရှိနေပါတယ်။
သူ့ရဲ့ကစားသမားဘဝအစမှာ ရော်နယ်လ်ဒို ကု အားကျခဲ့ရတဲ့ အမ်ဘူမိုက အိပ်မက်ကဇာတ်ရုံ (Theatre of Dreams) လို့ တင်စားခေါ်ဝေါ်ကြတဲ့ အိုးလ်ထရက်ဖို့ဒ်ဆီ ပြောင်းရွှေ့လာပြီးနောက် ယူနိုက်တက်ရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကို အခုလို ပြောကြားခဲ့ပါတယ်။ “ကျွန်တော်ဝတ်ခဲ့တဲ့ ပထမဆုံးဂျာစီက နောက်ကျောမှာ ရော်နယ်လ်ဒို နာမည်ပါတဲ့ မန်ချက်စတာ ယူနိုက်တက်ဂျာစီပါ။ ဒီအသင်းက တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ ကလပ်တစ်ခုဖြစ်ပြီး ဒီကိုရောက်လာတဲ့အတွက် ကျွန်တော်အရမ်းပျော်ပါတယ်။”
Photo Credit : Goal
ယူနိုက်တက်အသင်းဟာ ဘရန့်ဖို့ဒ်အသင်းနဲ့ အမ်ဘူမိုရဲ့ အပြောင်းအရွှေ့အတွက် အချိန်အတော်ကြာ ဆွေးနွေးခဲ့ရပြီးမှ စိတ်ရှည်မှုရဲ့အသီးအပွင့်အဖြစ် သူ့ကို လက်မှတ်ထိုးခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အသက်(၂၅)နှစ်အရွယ် တောင်ပံကစားသမားက “အစကတည်းက ကျွန်တော် ဒီလို ကြီးကျယ်တဲ့အသင်းကို ပြောင်းချင်ခဲ့တာပါ။ အခုတော့ ဒီကိုရောက်နေပြီ။ ကျွန်တော် တကယ်ကို ပျော်ပါတယ်။ ကျွန်တော့်အတွက်တော့ ဒါက ကမ္ဘာ့အကြီးဆုံးကလပ်ပါ။ ပရိသတ်တွေက အရမ်းကို အရူးအမူး အားပေးကြတယ်။ ကွင်းကလည်း အံ့မခန်းပဲ။ ကစားသမားတိုင်း ဒီမှာကစားချင်ကြပါတယ်။” လို့ သူ့ရဲ့ခံစားချက်ကို ဖွင့်ဟခဲ့ပါတယ်။
အမ်ဘူမိုဟာ ဘရန့်ဖို့ဒ်မှာ ဝတ်ဆင်ခဲ့တဲ့ နံပါတ်(၁၉)ဂျာစီကိုပဲ အိုးလ်ထရက်ဖို့ဒ်မှာ ဆက်လက်ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။ သူဟာ မန်ချက်စတာ ယူနိုက်တက်အသင်းအတွက် ပထမဆုံး ပွဲထွက်ကစားခွင့်ကို အမေရိကန်ပြည်ထောင်စုမှာ ပြုလုပ်မယ့် ရာသီကြို ခြေစမ်းခရီးစဉ်အတွင်း ရရှိဖွယ်ရှိနေပြီး လာမယ့် စနေနေ့မှာတော့ နယူးဂျာစီမြို့ရဲ့ MetLife အားကစားကွင်းမှာ ပရီးမီးယားလိဂ်ပြိုင်ဘက် ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။