မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဘရန့်ဖို့ဒ်အသင်းရဲ့ တိုက်စစ်ကစားသမား ဘရိုင်ယန် အမ်ဘူမိုကို ခေါ်ယူဖို့ စတင် ဆွေးနွေးဖို့ ပြင်ဆင်နေပြီ ဖြစ်ပေမယ့် တစ်ပတ်လုပ်ခလစာ အများကြီး ပေးချေရဖွယ် ရှိနေပါတယ်။

The Times သတင်းစာရဲ့ ဖော်ပြချက်အရ အမ်ဘူမိုဟာ ဒီနွေရာသီမှာ ဘရန့်ဖို့ဒ်ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့မယ်ဆိုရင် လုပ်ခလစာ အကြီးအကျယ် တိုးမြှင့်လိုနေပါတယ်။ ကင်မရွန်းလက်ရွေးစင် ကစားသမားဟာ ဘရန့်ဖို့ဒ်အသင်းမှာ တစ်ပတ်လုပ်ခ ပေါင်(၅၀၀၀၀) ရရှိနေပေမယ့် အိုးလ်ထရက်ဖို့ဒ်မှာတော့ အဲဒီ့ပမာဏရဲ့ ငါးဆ ပေါင်(၂၅၀၀၀၀)အထိ တောင်းဆိုနိုင်ပါတယ်။

Photo Credit : Caught Offside

အမ်ဘူမိုဟာ မကြာသေးမီနှစ်တွေအတွင်း ပရီးမီးယားလိဂ်ရဲ့ တည်ငြိမ်တဲ့ တိုက်စစ်ကစားသမားတွေထဲက တစ်ဦးအဖြစ် တိုးတက်လာခဲ့ပြီး အိုင်ဗန် တိုနေး အသင်းကနေ ထွက်ခွာသွားပြီးနောက်ပိုင်း အမ်ဘူမိုက ဘရန့်ဖို့ဒ်ရဲ့ အဓိက ကစားသမား ဖြစ်လာခဲ့သလို ပြီးခဲ့တဲ့ရာသီက သူဟာ ပရီးမီးယားလိဂ်မှာ (၃၈)ပွဲလုံးကစား ဂိုး(၂၀)သွင်းကာ (၇)ဂိုး ဖန်တီးပေးခဲ့ပါတယ်။

ဘရန့်ဖို့ဒ်က အသက်(၂၅)နှစ်အရွယ် ကစားသမား အမ်ဘူမိုအတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း(၆၀)ဝန်းကျင် လိုချင်နေတယ်လို့ ယူဆရပြီး ယူနိုက်တက်က သူတို့ရဲ့ လုပ်ခလစာ အများဆုံး ရရှိသူတွေထဲက နှစ်ဦးဖြစ်တဲ့ မားကပ်စ် ရပ်ရှ်ဖို့ဒ်နဲ့ ဂျေဒန် ဆန်ချိုတို့ကို ဒီနွေရာသီမှာ ရောင်းချနိုင်ရင် အမ်ဘူမို လိုချင်တဲ့ လုပ်ခလစာကို ပေးနိုင်ဖွယ် ရှိပါတယ်။

Photo Credit : Goal

နယူးကာဆယ်အသင်းကလည်း အမ်ဘူမိုကို စိတ်ဝင်စားနေတယ်လို့ သတင်းထွက်နေပေမယ့် အမ်ဘူမိုကိုယ်တိုင်ကတော့ ယူနိုက်တက်ကိုသာ ပြောင်းရွှေ့ဖို့ ပိုပြီး နှစ်သက်ပုံရပါတယ်။ ယူနိုက်တက်ဟာ ဒီနွေမှာ ဝုလ်ဗ်အသင်းရဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား ကူညာကိုလည်း ခေါ်ယူထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ အမ်ဘူမိုအတွက် ဘရန့်ဖို့ဒ်နဲ့ တရားဝင် ဆွေးနွေးမှုတွေကို မကြာခင် စတင်မယ်လို့ မျှော်လင့်ရပြီး လက်ရှိမှာတော့ တရားဝင် ဆက်သွယ်မှု မရှိသေးပါဘူး။ တကယ်လို့ အဆိုပါ အပြောင်းအရွှေ့ ဖြစ်မြောက်ခဲ့မယ်ဆိုရင် အမ်ဘူမိုဟာ ပြီးခဲ့တဲ့ရာသီက အဆင့် ၁၅ မှာသာ ရပ်တည်နိုင်ခဲ့တဲ့ ရူဘင် အမော်င်ရဲ့ အသင်းကို ပရီးမီးယားလိဂ်မှာ အတွေ့အကြုံရှိပြီး အရည်အသွေးပြည့်မီတဲ့ ကစားသမားတစ်ဦးအဖြစ် အားဖြည့်ပေးသွားနိုင်မှာပဲ ဖြစ်ပါတယ်။