ဒီနွေမှာ ဘရန့်ဖို့ဒ်အသင်းကနေ မန်ချက်စတာ ယူနိုက်တက်အသင်းဆီကို ပေါင်(၇၁)သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ တိုက်စစ်ကစားသမား ဘရိုင်ယန် အမ်ဘူမိုဟာ နည်းပြရူဘန် အာမိုရင်ရဲ့ ချဉ်းကပ်ဟန်တွေကြောင့်ပဲ မန်ယူနိုက်တက်ကို ရွေးချယ်ခဲ့တာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ကင်မရွန်း လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဘရိုင်ယန် အမ်ဘူမိုဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ မန်ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့အတွက် နည်းပြအာမိုရင်ရဲ့ စည်းရုံးပြောဆိုမှုတွေက ဘယ်လို အရေးပါခဲ့တယ်ဆိုတာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အချိန်ကြာမြင့်စွာ ဆွဲဆန့်ခဲ့ရတဲ့ ပြောင်းရွှေ့ကြေးကိစ္စပြီးနောက် အမ်ဘူမိုဟာ ဘရန့်ဖို့ဒ်ကနေ ပေါင်(၇၁)သန်းနဲ့ အိုးလ်ထရက်ဖို့ဒ်ကို ရောက်ရှိခဲ့ပါတယ်။ အမ်ဘူမိုကို တော့တင်ဟမ်နဲ့ နယူးကာဆယ်တို့ကလည်း အပြင်းအထန် စိတ်ဝင်စားခဲ့ပေမယ့် သူကတော့ ယူနိုက်တက်ကိုသာ ရွေးချယ်ခဲ့တာပါ။
Photo Credit : Goal
ယူနိုက်တက်နဲ့ ဘရန့်ဖို့ဒ်တို့အကြား ပြင်းထန်တဲ့ (၄၄)ရက်ကြာ ဆွေးနွေးမှုတွေအပြီးမှာ အိုးလ်ထရက်ဖို့ဒ်အသင်းဟာ ဘရိုင်ယန် အမ်ဘူမိုကို ခေါ်ယူနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ နည်းပြ အာမိုရင်ဟာ ဝုလ်ဗ်ကနေ မာသီးယပ်စ် ကူညာကို ခေါ်ယူခဲ့ပြီးနောက် သူ့ရဲ့ တိုက်စစ်ပိုင်းကို ထပ်မံအားဖြည့်နိုင်ခဲ့ပါတယ်။ နယူးကာဆယ်နဲ့ စပါးတို့ဟာလည်း အရည်အချင်းရှိတဲ့ ဒီတောင်ပံကစားသမားကို ခေါ်ယူဖို့ စိတ်အားထက်သန်ခဲ့ကြပြီး ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ ဆွဲဆောင်မှုအဖြစ် အသုံးပြုခဲ့ပေမယ့် အမ်ဘူမိုကတော့ နောက်ဆုံးမှာ ယူနိုက်တက်ကိုသာ ရွေးချယ်ခဲ့ပါတယ်။ အခုတော့ ကင်မရွန်းကစားသမားဟာ စပါးနဲ့ ကာဆယ်တို့ရဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချပြီး မန်ယူကို ရွေးချယ်ခဲ့ရတဲ့ အကြောင်းရင်းကို ထုတ်ဖော်ပြောကြားလိုက်ပါပြီ။
အမ်ဘူမိုက ပြောကြားရာမှာ “မဖြစ်မှာကို ဘယ်တုန်းကမှ မကြောက်ခဲ့ပါဘူး။ ကျွန်တော့်ပတ်ဝန်းကျင်က လူတွေကို အမြဲယုံကြည်ပြီး ဖြစ်ကိုဖြစ်ရမယ်လို့လည်း ယုံကြည်ခဲ့ပါတယ်။ ပြောင်းရွှေ့ကြေးဈေးကွက်က ကြာလည်း ကြာနိုင်သလို တိုလည်း တိုနိုင်ပါတယ်။ ဒါကြောင့် စိတ်ရှည်ရမယ်။ ပြီးတော့ အရာရာကို အကောင်းမြင်စိတ်နဲ့ပဲ ဆက်တွေးနေဖို့ လိုပါတယ်။ ကျွန်တော် အားလပ်ရက်မှာ ရှိနေတာဆိုတော့ စိတ်ပိုင်းရော ရုပ်ပိုင်းရော အနားယူဖို့ပဲ တွေးခဲ့ပါတယ်။ ဖြစ်လာမယ်ဆိုရင်လည်း ဖြစ်လာမှာပဲလေ။”
Photo Credit : Utd Distrct
“ကျွန်တော် တခြားနည်းပြအချို့နဲ့လည်း စကားပြောခဲ့တာတော့ မှန်ပါတယ်။ သူတို့ရဲ့ ပရောဂျက်တွေကို နားထောင်ချင်လို့ပါ။ ဒါပေမဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရောဂျက်က ကျွန်တော့်အတွက် အရမ်းကောင်းခဲ့ပါတယ်။ ကျွန်တော်က စိန်ခေါ်မှုတွေကို ကြိုက်တဲ့သူတစ်ယောက်လို့ ထင်ပါတယ်။ မန်ချက်စတာမှာ အရမ်းကောင်းတဲ့ ပရောဂျက်တစ်ခုရှိပြီး ကျွန်တော် အဲဒီပရောဂျက်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ချင်ခဲ့ပါတယ်။ မန်ချက်စတာက ကြီးမားတဲ့ ကလပ်တစ်ခုပါ။ ဒါဟာ ကြီးမားတဲ့ အခွင့်အရေးတစ်ခုလို့ ကျွန်တော် ထင်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
အာမိုရင်နဲ့ စကားပြောဖြစ်ခဲ့တာကိုလည်း သူက ထပ်လောင်းပြောကြားခဲ့ရာမှာ “သူက ‘ကျွန်တော်တို့က အောင်ပွဲရဖို့ ကြိုက်တဲ့သူတွေဖြစ်ပြီး အကောင်းဆုံးအသင်း ဖြစ်ချင်ပါတယ်’ လို့ ပြောပါတယ်။ ဟုတ်ပါတယ်၊ အဲဒါပဲ ကျွန်တော်တို့ လုပ်ဖို့ ကြိုးစားသွားမှာပါ။ ဒါဟာ ရင်းနှီးပြီးသား စကားဝိုင်းတစ်ခုဖြစ်သလို အကျိုးရှိတဲ့ ဆွေးနွေးမှုတစ်ခုလည်း ဖြစ်ပါတယ်။ သူက သူ့ရဲ့ပရောဂျက်ကို ကျွန်တော့်ကို ရှင်းပြခဲ့တယ်။ သူ ဘာလုပ်ချင်တယ်ဆိုတာကို ရှင်းပြခဲ့ပြီး ကျွန်တော်လည်း အဲဒါကို တကယ် နှစ်သက်ခဲ့ပါတယ်။ သူ့နဲ့ စကားပြောခဲ့ပြီး၊ ဟုတ်ပါတယ်၊ သူက ကျွန်တော့်ကို လာစေချင်ခဲ့တာပါ။ သူ့လိုလူတစ်ယောက် ပတ်ဝန်းကျင်မှာ ရှိနေတာက အမြဲကောင်းပါတယ်” လို့ ဆိုပါတယ်။