ပီအက်စ်ဂျီအသင်းရဲ့ စူပါစတား တိုက်စစ် ကစားသမား ကီလီယန်အမ်ဘာပေက သူ့အနေနဲ့ ပီအက်စ်ဂျီမှာ တစ်ရာသီ ဆက်လက် ကစားသွားဦးမှာဖြစ်ပြီး ၂၀၂၄ခုနှစ်မှသာ သူရဲ့အနာဂတ်အတွက် ဆုံးဖြတ်ချက်တွေ ပြုလုပ်သွားမယ်လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဘာပေက ပြီးခဲ့တဲ့ နှစ်ကပဲ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ထားပေမယ့် စာချုပ်ထဲမှာ ပါဝင်တဲ့ တစ်နှစ် ထပ်မံ တိုးမြှင့်ခွင့် option ကို သူ့ဘက်က လက်ခံသွားဖို့ ဆန္ဒမရှိကြောင်း အသိပေးထားခဲ့ပါတယ်။ ဒီလိုသာ သက်တမ်း ထပ်မတိုးဖြစ်ဘူးဆိုရင် ဘာပေက ၂၀၂၄ခုနှစ် နွေရာသီမှာပဲ ပီအက်စ်ဂျီကနေ အလွတ်နဲ့ ထွက်ခွာခွင့် ရရှိမှာ ဖြစ်ပါတယ်။ ဒါကို လက်မခံနိုင်တဲ့ ပီအက်စ်ဂျီအသင်းက ဘာပေကို စာချုပ်သက်တမ်း တိုးမြှင့်ဖို့ ဒါမှမဟုတ် ဘာပေဘက်က သက်တမ်းတိုးဖို့ ဆန္ဒမရှိရင် ဒီဈေးကွက်ထဲမှာပဲ ရောင်းချသွားဖို့ စီစဉ်ထားပေမယ့် ဘာပေကိုယ်တိုင်ကတော့ သူရဲ့စာချုပ်အတိုင်း ပီအက်စ်ဂျီမှာ ဆက်နေသွားဖို့ကိုသာ အာရုံစိုက်နေပါတယ်။

Photo Credit : Marca

သူ့အနာဂတ်နဲ့ ပတ်သက်ပြီး ဘာပေက “ကျွန်တော် ပီအက်စ်ဂျီအသင်းမှာ နောက်တစ်ရာသီ ဆက်ရှိနေမယ်။ ပြီးရင်တော့ ၂၀၂၄ခုနှစ်မှာသာ ကျွန်တော်ရဲ့ အနာဂတ်အတွက် ဆုံးဖြတ်ချက် ချမှတ်သွားမှာပါ။ တစ်နှစ်အတွင်းမှာပဲ အရာများစွာ ဖြစ်ပေါ်လာနိုင်ပါတယ်။ အထူးသဖြင့်တော့ ပီအက်စ်ဂျီလို ကလပ်အသင်းမျိုးမှာပေါ့” လို့ Telefoot နဲ့ အင်တာဗျူးမှာ ဖြေဆိုသွားခဲ့ပါတယ်။ ဘာပေကတော့ သူရဲ့ လက်ရှိ စာချုပ်သက်တမ်းအတိုင်း ပီအက်စ်ဂျီမှာ တစ်ရာသီ ဆက်ကစားပြီးမှ အသင်းကနေ ထွက်ခွာပြီး သူ ပြောင်းရွှေ့လိုတဲ့ ကလပ်အသင်း တစ်သင်းသင်းဆီကို အလွတ်နဲ့ ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။ ဒီအခြေအနေက ပီအက်စ်ဂျီအတွက်တော့ ခေါင်းခဲစရာကြီး ဖြစ်လာမှာတော့ အသေအချာပါပဲ။