ပြင်သစ် လီဂူးဝမ်း ထိပ်သီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ အမ်ဘာပေက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ရှုံးထွက်ပွဲရဲ့ ပထမအကျော့မှာ သူတို့အသင်းက ရှုံးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့မှာ ဘိုင်ယန်မြူးနစ်ကို အနိုင်ယူကာ နောက်တဆင့် တက်မယ်လို့ ပွဲပြီးချိန်မှာ ကြုံးဝါးသွားခဲ့ပါတယ်။

ပီအက်စ်ဂျီက ၁၆သင်း ရှုံးထွက် ပထမအကျော့ပွဲ အဖြစ် အိမ်ကွင်းမှာ ဘိုင်ယန်မြူးနစ်ကို ဧည့်ခံ ကစားခဲ့ရာ နှစ်ဘက်စလုံးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့တာကြောင့် ပွဲဟာ အတော်လေးကို အကြိတ်အနယ် ရှိခဲ့ပြီး ကြွက်သားဒဏ်ရာကြောင့် နားနေရတဲ့ အမ်ဘာပေကတော့ ဒုတိယပိုင်း ရောက်မှသာ အသင်းအတွက် ပါဝင် ကစားပေးနိုင်ခဲ့ပါတယ်။

Photo Credit: 90 Min

အဆိုပါပွဲမှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို အသုံးပြုခဲ့ပေမယ့် အမ်ဘာပေ မပါဝင်နိုင်သေးတဲ့ အချိန်မှာ ပီအက်စ်ဂျီရဲ့ တိုက်စစ်က ဘိုင်ယန်မြူးနစ်ရဲ့ ခံစစ်ကြောင်းကို ဒုက္ခမပေးနိုင်ခဲ့ပဲ အမ်ဘာပေ ဝင်လာပြီးမှသာ မက်ဆီ ၊ နေမာနဲ့ အမ်ဘာပေတို့ရဲ့ တွဲလုံးတွေက ဘိုင်ယန်မြူးနစ် ခံစစ်ကြောင်းကို အလုပ်ရှုပ်စေခဲ့ပြီး အမ်ဘာပေက ပီအက်စ်ဂျီအတွက် သွင်းဂိုး ၂ဂိုး အထိ သွင်းယူပေးနိုင်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ သူ့ရဲ့ သွင်းဂိုးတွေက လူကျွံဘောတွေ ဖြစ်ခဲ့ပါတယ်။

ပီအက်စ်ဂျီ ၀-၁ ဘိုင်ယန်မြူးနစ် ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ် အတွက် တလုံးထဲသော အနိုင်ဂိုးကို ပွဲချိန် ၅၃မိနစ်မှာ တောင်ပံကစားသမား ကိုးမန်းက အယ်ဖွန်ဆို ဒေးဗီးစ်ရဲ့ ပေးပို့မှု ကနေ တဆင့် သွင်းယူပေးခဲ့တာပါ။ ပီအက်စ်ဂျီက ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ၀-၁ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရတာကြောင့် နောက်တဆင့် တက်ဖို့ မလွယ်ကူတော့ပေမယ့် အမ်ဘာပေကတော့ သူတို့အသင်းဟာ ဘိုင်ယန်မြူးနစ်နဲ့ ဒုတိယအကျော့ပွဲ အတွက် ကောင်းကောင်း ပြင်ဆင်ပြီး ဂျာမန်မြေမှာ ဘိုင်ယန်ကို အနိုင်ကန်ကာ နောက်တဆင့် တက်မယ်လို့ ဆိုလာပါတယ်။

Photo Credit: 90 Min

အမ်ဘာပေက – “ကျွန်တော်တို့က ဒီပွဲအပြီးမှာ နောက်တဆင့် တက်ဖို့ ပိုမို ရုန်းကန်ရတော့မယ့် အနေအထားမျိုးကို ရောက်သွားပေမယ့် ဒီပွဲမှာ ကျွန်တော်တို့က သူတို့ကို ကောင်းကောင်းကြီး ဒုက္ခပေးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့က မြူးနစ်မြို့ဆီ နောက်တဆင့် တက်နိုင်ဖို့ အတွက်ပဲ သွားမှာပါ။ (မြူးနစ်မြို့မှာ ဘိုင်ယန်မြူးနစ်ကို အနိုင်ကန်မယ် ဆိုတာကို ရည်ရွယ်လျက်) ကျွန်တော်တို့က နောက်တဆင့် တက်နိုင်ဖို့ အတွက် နေ့ရော ၊ ညရော အလုပ်လုပ်မယ်။ ပြီးတော့ ကျွန်တော်တို့ ကစားသမားတွေကလည်း ဒုတိယအကျော့ ပွဲစဉ်မတိုင်ခင် ကျန်းမာရေး ကောင်းနေရမယ်။ ကောင်းကောင်းစား ၊ ကောင်းကောင်း အိပ်တာတွေ လုပ်ထားရမယ်။ ကျွန်တော်တို့တွေ တရစပ် တိုက်စစ်ဆင် ကစားတဲ့ အချိန်မှာ ဘိုင်ယန်မြူးနစ်က အတော်လေး ဒုက္ခရောက်ခဲ့ပါတယ်။ ဒါကို ကျွန်တော်တို့တွေ ထပ်လုပ်ပြရပါမယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။