ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ ကိုင်လီယန် အမ်ဘာပေကတော့ လာမယ့်ရာသီမှာ သူတို့အသင်းရဲ့ အဓိက ပစ်မှတ်ဟာ ချန်ပီယံလိဂ် ဆုဖလားကို အရယူဖို့သာ ဖြစ်ကြောင်း ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ကြယ်ပွင့် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေက ယခု နွေဈေးကွက် အတွင်းမှာပဲ ပီအက်စ်ဂျီနဲ့ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားသူ ဖြစ်ပြီး စာချုပ်သစ်ကြောင့်ပဲ အမ်ဘာပေက အသင်းရဲ့ အဓိကကျတဲ့ ဆုံးဖြတ်ချက်တွေမှာ ဝင်ရောက် ဆုံးဖြတ်ခွင့် ရရှိထားပါတယ်။

Photo Credit: Tele Football

အမ်ဘာပေက စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး ပီအက်စ်ဂျီနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့တာကြောင့် အသင်းရဲ့ နံပါတ်တစ် ကြယ်ပွင့် တိုက်စစ်မှူး ဖြစ်လာခဲ့သလို နည်းပြသစ် ၊ အားကစားဒါရိုက်တာသစ်တို့နဲ့ အတူ ယခင်ကထက် ပိုများတဲ့ ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

ဒါကြောင့်ပဲ အမ်ဘာပေက သူ့အနေနဲ့ လာမယ့်ရာသီမှာ ချန်ပီယံလိဂ် ဆုဖလားကို အရယူနိုင်မယ်လို့ ယုံကြည်ချက် ပြင်းထန်နေပြီး သူတို့အသင်းရဲ့ အဓိက ပစ်မှတ်ကလည်း ချန်ပီယံလိဂ် ဆုဖလားသာ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောပြသွားခဲ့ပါတယ်။

Photo Credit: Tele Football

အမ်ဘာပေက – “ချန်ပီယံလိဂ် ဆုဖလားကို အရယူဖို့နဲ့ ပီအက်စ်ဂျီရဲ့ သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်နိုင်ဖို့က ကျွန်တော့်ရဲ့ ရည်မှန်းချက်တွေထဲက နှစ်ခုပါ။ တခြား ရည်မှန်းချက်တွေလည်း ရှိသေးတာပေါ့။ လာမယ့်ရာသီ အတွက် ကျွန်တော်တို့ရဲ့ အဓိက ပစ်မှတ်က ချန်ပီယံလိဂ် ဆုဖလားကို အရယူဖို့ပါပဲ။ ကျွန်တော်တို့အတွက် ချန်ပီယံလိဂ် ဆုဖလားက တန်ဖိုးအကြီးဆုံးပါ။ ကျွန်တော်တို့တွေ ချန်ပီယံလိဂ် ဆုဖလားကို အရယူချင်တယ်။ ချန်ပီယံလိဂ် ဆုဖလားကို ရယူနိုင်မယ့် နည်းလမ်းတွေလည်း ကျွန်တော်တို့မှာ ပိုင်ဆိုင်ထားပါတယ်” ဆိုပြီး ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။