ပြင်သစ်လီဂူးဝမ်း အင်အားကြီးကလပ် ပီအက်စ်ဂျီနဲ့ ပြင်သစ်အသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ ကိုင်လီယန် အမ်ဘာပေက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပြင်သစ် ၃-၁ ပိုလန် ပွဲစဉ်မှာ သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် သူ့ရဲ့ စံပြပုဂ္ဂိုလ် ရိုနယ်ဒိုထက် ကမ္ဘာ့ဖလားသွင်းဂိုး ပိုများသွားကြောင်း သိရပါတယ်။

အမ်ဘာပေက အသက် ၂၃နှစ် အရွယ်သာ ရှိသေးပေမယ့် လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦး ဖြစ်ပြီး သူဟာ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ပြင်သစ်ကို ကမ္ဘာ့ဖလား ချန်ပီယံဆု ရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

Photo Credit: Goal

အမ်ဘာပေက ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အတွက် သွင်းဂိုး ၄ဂိုး အထိ သွင်းယူပေးနိုင်ခဲ့သလို ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အုပ်စုအဆင့်မှာတင် သွင်းဂိုး ၃ဂိုး အထိ ရရှိခဲ့ပါတယ်။

ဒါ့အပြင် အမ်ဘာပေက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပြင်သစ် ၃-၁ ပိုလန် ပွဲစဉ်မှာလည်း ပြင်သစ်အတွက် သွင်းဂိုး ၂ဂိုး ထပ်မံ သွင်းယူပေးနိုင်ခဲ့ပြီး အဆိုပါ သွင်းဂိုး ၂ဂိုးကြောင့် သူဟာ ယခု ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွင်းဂိုး ၅ဂိုး အထိ ရရှိခဲ့ကာ ဂိုးသွင်းဘုရင်ဆုကို ရဖို့ အခြေအနေ ကောင်းသွားခဲ့ပါတယ်။

Photo Credit: Goal

အမ်ဘာပေက သူ့ရဲ့ ကစားသမား ဘဝမှာ ကမ္ဘာ့ဖလား သွင်းဂိုး ၉ဂိုး အထိ ရရှိခဲ့တာကြောင့် သူ့ရဲ့ စံပြပုဂ္ဂိုလ် ရိုနယ်ဒိုထက် ကမ္ဘာ့ဖလားသွင်းဂိုး ပိုများသွားခဲ့ပြီး ရိုနယ်ဒိုက သူ့ရဲ့ ကစားသမားဘဝမှာ ကမ္ဘာ့ဖလား သွင်းဂိုး ၈ဂိုးသာ သွင်းယူထားနိုင်သူပါ။

အမ်ဘာပေရဲ့ ပြင်သစ်က ကွာတားဖိုင်နယ်အဆင့်မှာ ဆီနီဂေါကို ၃-၀နဲ့ အနိုင်ရလာတဲ့ အင်္ဂလန်နဲ့ ထိပ်တိုက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။