ပြင်သစ် လီဂူးဝမ်း ထိပ်သီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီနဲ့ ပြင်သစ်အသင်းတို့ရဲ့ အသင်းခေါင်းဆောင် ဖြစ်သူ အမ်ဘာပေက ပြီးခဲ့တဲ့ ရွှေဘောလုံးဆုပေးပွဲမှာ ၂၀၂၃ခုနှစ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို သိမ်းပိုက် ရယူနိုင်ခဲ့တဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ရွှေဘောလုံးဆုနဲ့ ထိုက်တန်သူပါလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထောက်ခံ ပြောဆိုသွားခဲ့ပါတယ်။

လီယွန်နယ် မက်ဆီက ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားကို ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်အောင် ဦးဆောင်ပေးနိုင်ခဲ့သလို ကိုယ်တိုင်ကလည်း ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Bein Sports

ဒါကြောင့်လည်း မက်ဆီက ၂၀၂၃ခုနှစ်ရဲ့ ရွှေဘောလုံးဆုပေးပွဲမှာ ဖလား ၃လုံးပိုင်ရှင် အာလင်း ဟာလန်း ၊ ကမ္ဘာ့ဖလား ငွေတံဆိပ်ဆုရှင် အမ်ဘာပေ စတဲ့ ကစားသမားတွေကို ကျော်ဖြတ်ကာ ၂၀၂၃ခုနှစ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို သိမ်းပိုက် ရယူနိုင်ခဲ့တာပါ။

မက်ဆီ တယောက် ၂၀၂၃ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့မှု အတွက် မကျေနပ်တဲ့ လူတချို့ ရှိနေပေမယ့် ရွှေဘောလုံးဆုပေးပွဲမှာ တတိယ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ အမ်ဘာပေကတော့ မက်ဆီဟာ ရွှေဘောလုံးဆုနဲ့ အထိုက်တန်ဆုံး ကစားသမား ဖြစ်ကြောင်း ဆိုလာပါတယ်။

Photo Credit: Goal

အမ်ဘာပေက – “မက်ဆီက ရွှေဘောလုံးဆုကို ရကို ရရမယ့် ကစားသမားပါ။ သူက ကမ္ဘာ့ဖလား ချန်ပီယံပါ။ ကျွန်တော့်အတွက် သူက ထာဝရအကောင်းဆုံး ကစားသမား မဟုတ်ရင်တောင် အကောင်းဆုံး ကစားသမားတွေထဲက တဦး ဖြစ်ပါတယ်။ ဟာလန်းက ကြီးကျယ်တဲ့ ရာသီတခုကို ပိုင်ဆိုင်ခဲ့သလို ကျွန်တော်ကလည်း ကောင်းမွန်တဲ့ ရာသီတခုကို ဖြတ်သန်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကမ္ဘာ့ဖလားချန်ပီယံနဲ့ ယှဉ်လိုက်ရင်တော့ ကျွန်တော်တို့ရဲ့ အောင်မြင်မှုတွေက သေးသွားပါတယ်။ လီယိုက ရွှေဘောလုံးဆုနဲ့ ထိုက်တန်ပါတယ်” လို့ မက်ဆီကို တလေးတစား ထောက်ခံသွားခဲ့တာပါ။