ပီအက်စ်ဂျီအသင်းရဲ့ စူပါစတား ကစားသမားဖြစ်သူ ကီလီယန် အမ်ဘာပေဟာ ဒီရက်ပိုင်းအတွင်းမှာပဲ ဒီဘောလုံးရာသီအကုန်မှာ သူက ပီအက်စ်ဂျီကနေ ထွက်ခွာတော့မယ်လို့ ထုတ်ဖော် ပြောဆိုလို့အပြီး နန့်စ်အသင်းနဲ့ လီဂူးပွဲစဉ်မှာပဲ အသင်းရဲ့ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။

အသက် (၂၅)နှစ်အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်ကစားသမား ဘာပေဟာ သူရဲ့ လက်ရှိကလပ် ပီအက်စ်ဂျီနဲ့ ၂၀၂၄ ဇွန်လအထိသာ စာချုပ်သက်တမ်း ကျန်ရှိတော့ပြီး စာချုပ်ပါ အချက်အလက်တွေ one year option လည်း ပါဝင်နေပေမယ့် ဒီလို သက်တမ်းတိုးဖို့က ဘာပေအပေါ်မှာသာ မူတည်နေတာ ဖြစ်ပါတယ်။

Photo Credit : Aries News

ပီအက်စ်ဂျီဘက်ကတော့ ဘာပေလို ထိပ်တန်း ကစားသမားမျိုးကို အသင်းကနေ အလွယ်တကူလေး လက်လွတ်လိုက်ရတာမျိုး မဖြစ်စေဖို့နဲ့ အသင်းမှာ ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ မက်မောလောက်စရာ စာချုပ်သစ် ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာပေမယ့် ဘာပေကတော့ ပယ်ချခဲ့ပြီး အသင်းနဲ့ လက်တွဲဖြုတ်ဖို့ကိုသာ ရွေးချယ်သွားခဲ့ပါတယ်။

လာမယ့်နွေမှာပဲ အသင်းကနေ ထွက်ခွာဖို့ သေချာနေတဲ့ ဘာပေကို ပီအက်စ်ဂျီအသင်းက နန့်စ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ လီဂူးပွဲစဉ်မှာ ပွဲထွက် လူစာရင်းကနေ ချန်လှပ်ခဲ့ပြီး အရန်စာရင်းမှာပဲ ထည့်သွင်းခဲ့ပြီး ဒုတိယပိုင်း ပွဲကစားချိန် (၆၂)မိနစ်မှသာ လူစားဝင် ကစားသမားအဖြစ် အသုံးပြုသွားခဲ့ပါတယ်။

Photo Credit : Footy Room

ဒါက အသင်းဘက်ကနေ ချမှတ်တဲ့ ဆုံးဖြတ်ချက်မဟုတ်ပဲ ပီအက်စ်ဂျီနည်းပြ လူးဝစ် အင်းနရစ်ကိုယ်တိုင်က ဆိုစီဒက်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပါဝင်ထားခဲ့ရတဲ့ ဘာပေကို အနားပေးချင်လို့သာ နန့်စ်နဲ့ပွဲအတွင်း ဒုတိယပိုင်းမှပဲ အသုံးပြုခဲ့တာလို့ ဖြေရှင်းထားခဲ့ပါသေးတယ်။

ဘာပေအနေနဲ့ကလည်း အသင်းနဲ့ ဆက်လက်ပြီး လက်မတွဲတော့တာ သေချာနေပေမယ့်လည်း ပီအက်စ်ဂျီမှာ ဆက်ရှိနေရမယ့် အချိန်မှာတော့ အသင်းအတွက် အကောင်းဆုံးတွေ စွမ်းဆောင်ပေးသွားမှာ အသေအချာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။