ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီကို စွန့်ခွာတော့မယ်လို့ တရားဝင် ကြေညာထားတဲ့ ပီအက်စ်ဂျီရဲ့ အသင်းခေါင်းဆောင် ကိုင်လီယန် အမ်ဘာပေက စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်နဲ့ အကြိုသဘောတူညီမှုစာချုပ် ချုပ်ဆိုပြီးပြီ ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပါတယ်။

အသက် ၂၅နှစ် အရွယ် ပြင်သစ်အသင်းခေါင်းဆောင် ကိုင်လီယန် အမ်ဘာပေက ပီအက်စ်ဂျီနဲ့ လာမယ့် ဇွန်လကုန်သည် အထိ စာချုပ်သက်တမ်း ကျန်နေသေးပေမယ့် ဖီဖာရဲ့ စည်းမျဉ်းတွေအရ သက်ဆိုင်ရာကလပ်တွေနဲ့ စာချုပ်သက်တမ်း ၆လအောက်သာ ကျန်တော့တဲ့ ကစားသမားတွေဟာ မိမိနှစ်သက်တဲ့ အသင်းနဲ့ အကြိုသဘောတူညီမှုစာချုပ် ချုပ်ဆိုနိုင်တာကြောင့် အမ်ဘာပေဟာ ရာသီမကုန်ခင်မှာတင် သူ့စိတ်ကြိုက်အသင်းနဲ့ အကြိုစာချုပ် ချုပ်ဆိုခွင့် ရှိနေပါတယ်။

Photo Credit: Goal

လတ်တလောမှာ ရီးရဲလ်မက်ဒရစ်က အမ်ဘာပေကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပေမယ့် ပရီးမီးယားလိဂ် အင်အားကြီးကလပ်တွေ ဖြစ်တဲ့ အာဆင်နယ် ၊ မန်ချက်စတာ စီးတီး ၊ လီဗာပူး စတဲ့ ကလပ်တွေကလည်း အမ်ဘာပေကို ခေါ်ယူနိုင်ဖို့ အတတ်နိုင်ဆုံး လှုပ်ရှားနေကြပါတယ်။

နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ မာကာသတင်းဌာနက ယနေ့ နေ့လယ်ပိုင်းမှာပဲ အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်နဲ့ အကြိုသဘောတူညီမှုစာချုပ် ချုပ်ဆိုပြီးပြီ ဆိုတဲ့ သတင်းထူးကို ဖော်ပြလာခဲ့ပြီး ရီးရဲလ်မက်ဒရစ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကလည်း အဆိုပါသတင်းဟာ မှန်ကန်ကြောင်း အတည်ပြုထားကြပါတယ်။

Photo Credit: Goal

အခြားသတင်းရင်းမြစ်တွေက အမ်ဘာပေနဲ့ ရီးရဲလ်မက်ဒရစ်တို့ အကြိုသဘောတူညီမှုစာချုပ် ချုပ်ဆိုခဲ့ပြီ ဆိုတဲ့ သတင်းကို မဖော်ပြသေးပေမယ့် စပိန်အခြေစိုက် သတင်းဌာန ဖြစ်တဲ့ Mundo Deportivoကတော့ ရီးရဲလ်မက်ဒရစ်ဟာ အမ်ဘာပေကို ကျောနံပါတ် ၁၀ ပေးမယ် ဆိုတဲ့ သတင်းကို ဖော်ပြထားပါသေးတယ်။

အမ်ဘာပေက ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ခဲ့ရင် ပီအက်စ်ဂျီမှာ ရနေတဲ့ လုပ်ခလစာထက် နည်းပါးတဲ့ လုပ်ခလစာ တရပ်ကိုသာ ရရှိမှာ ဖြစ်ပေမယ့် ရီးရဲလ်မက်ဒရစ်ဆီ ရောက်သွားရင် ချန်ပီယံလိဂ်နဲ့ ရွှေဘောလုံးဆုတို့ကို ရယူနိုင်ဖို့ အခွင့်အလမ်း များပြားသွားမှာ ဖြစ်ပါတယ်။