ဒီနွေမှ ပီအက်စ်ဂျီကနေ ရီးယဲလ် မက်ဒရစ်အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ပြင်သစ် စူပါစတား တိုက်စစ်ကစားသမား ကီလီယန် အမ်ဘာပေက သူဟာ ရီးယဲလ်အသင်းမှာ သေချာပေါက်ကို အောင်မြင်လိမ့်မယ်လို့ ယုံကြည်ချက်အပြည့်နဲ့ အခိုင်အမာ ပြောဆိုလိုက်ပါတယ်။
ဘာပေဟာ ရီးယဲလ်မှာ ပြိုင်ပွဲစုံ (၂၁)ပွဲကစား (၁၁)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပေမယ့်လည်း ပွဲအများစုမှာ ပုံမှန်ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတဲ့အတွက် ဝေဖန်မှုတွေနဲ့ပါ ရင်ဆိုင်နေရပြီး လက်ရွေးစင်အသင်းအတွက်ပါ ရွေးချယ်မခံရတော့တဲ့အထိ ဘာပေရဲ့ အခြေအနေတွေက ပိုမို ဆိုးရွှားလာခဲ့ရပါတယ်။
Photo Credit : Eurosport
ဒါပေမယ့် ဘာပေဆိုတာကလည်း တကယ့်ကို အရည်အသွေး ပြည့်ဝတဲ့ ဘောလုံးသမားတစ်ဦး ဖြစ်တဲ့အပြင် ရီးယဲလ် တစ်သင်းလုံးကပါ ဘာပေအပေါ် အပြည့်အဝ အားပေး ထောက်ခံနေကြလို့ ပြီးခဲ့တဲ့ ဂျီရိုနာပွဲမှာပဲ သွင်းဂိုး ပြန်လည် သွင်းယူနိုင်ခဲ့ပြီး ခြေစွမ်းကောင်းတချို့လည်း ပြသသွားနိုင်ခဲ့ပါတယ်။
ဒီပွဲအပြီးမှာ ဘာပေက “ကျွန်တော်က ရီးယဲလ် မက်ဒရစ်လို အသင်းကြီးမှာ ပါဝင်ကစားခွင့်ရဖို့အတွက် အမြဲတမ်း အိမ်မက်မက်ခဲ့ရသူပါ။ အမြဲတမ်း အမြဲတမ်း အမြဲတမ်းကို အိမ်မက်မက်ခဲ့တာပါ။ ဒီအသင်းကြီးကို ရောက်လာတော့လည်း ဒီအသင်းအတွက် ဘာမှတောင် မလုပ်ပေးရသေးခင်မှတောင် သူတို့က ကျွန်တော့်ကို ဘုရင်တစ်ပါးလိုမျိုး ကြိုဆိုကြတာ။”
Photo Credit : Goal
“ဒါက တကယ့်ကို မယုံနိုင်စရာကောင်းပါတယ်။ ကျွန်တော် ကျွန်တော့်ဘဝရဲ့ စာမျက်နှာ်သစ်နဲ့အတူ အရမ်းကို ပျော်ရွှင်နေရပါတယ်။ ဒီအသင်းမှာ အောင်မြင်မှုတွေ ရယူချင်သလို ဒီအသင်းဆီ ရောက်လာတာကလည်း အချိန်ကိုက်ပဲလို့ ထင်ပါတယ်။ ကျွန်တော် ရီးယဲလ် မက်ဒရစ်မှာ သေချာပေါက် အောင်မြင်ပါလိမ့်မယ်။” လို့ ဘာပေက ပြောဆိုသွားပါတယ်။
ဆက်လက်ပြီး ဘာပေက ပြင်သစ်အသင်းအတွက် ရွေးချယ်မခံခဲ့ရတာနဲ့ ပတ်သက်ပြီးတော့လည်း “နိုဝင်ဘာတုန်းက ကျွန်တော် လက်ရွေးစင်အသင်းအတွက် ကစားပေးချင်ခဲ့ပေမယ့် နည်းပြက ကျွန်တော့်ကို မရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါဘာကြောင့်လဲဆိုတာတော့ ကျွန်တော် မပြောပြနိုင်ပါဘူး။ နည်းပြဘက်က ပြောမယ်ဆိုရင်တော့လည်း ပြောနိုင်ပါတယ်။” လို့ ထုတ်ဖော် ပြောလိုက်ပါတယ်။