ရီးယဲလ် မက်ဒရစ်အသင်းရဲ့ တိုက်စစ်ကစားသမား ကီလီယန် အမ်ဘာပေက သူ့ရဲ့ အသင်းဟောင်း ပီအက်စ်ဂျီကို အကောင်းဆုံး ဆုမွန်ကောင်းပေးခဲ့ပေမယ့် လက်ရှိမှာ ရီးယဲလ်မက်ဒရစ်နဲ့အတူ ဖလား (၃)လုံး Treble ရယူနိုင်ဖို့ ရည်မှန်းချက်ကိုပဲ အာရုံစိုက်ထားတယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ပြင်သစ်စူပါစတား တိုက်စစ်မှူး ဘာပေဟာ ဒီနွေကမှ ပီအက်စ်ဂျီကနေ ရီးယဲလ်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ရာသီအစမှာပဲ ဥရောပ စူပါဖလားပြိုင်ပွဲမှာ ဗိုလ်စွဲထားသလို ကမ္ဘာ့တိုက်ကြီးများဖလား FIFA Intercontinental Cup ပြိုင်ပွဲမှာလည်း ဗိုလ်စွဲခဲ့ပါသေးတယ်။ ဒါ့အပြင် လာလီဂါမှာလည်း ချန်ပီယံဆု ရယူနိုင်ဖို့ အခြေအနေကောင်းနေဆဲ ဖြစ်သလို ချန်ပီယံလိဂ်မှာလည်း ကွာတားအထိ တက်လှမ်းထားပါသေးတယ်။

Photo Credit : China Daily

ဒါ့အပြင် ဘာပေဟာ ရာသီအစပိုင်းတုန်းက ဂိုးသွင်းအားမကောင်းလို့ ဝေဖန်ခဲ့ခဲ့ရပေမယ့်လည်း နောက်ပိုင်း ဂိုးတွေ ဆက်တိုက် သွင်းယူလာခဲ့ရာ အခုဆိုရင်တော့ ဘာပေရဲ့ ပြိုင်ပွဲစုံ သွင်းဂိုးအရေအတွက်က ဂိုး(၃၀)အထိပါ ရှိနေသလို လာလီဂါမှာဆိုရင်လည်း ဂိုး(၂၀)အထိ ရှိနေတာကြောင့် လာလီဂါ ဂိုးသွင်းအများဆုဆုံးအတွက် လီဝန်ဒေါစကီးနဲ့ အပြိုင်အဆိုင် ဖြစ်နေရပါတယ်။

ဘာပေရဲ့ ရီးယဲလ် ကစားသမားဘဝ ပွဲဦးထွက် ဘောလုံးရာသီက အားရစရာ အနေအထားမှာ ရှိလို့နေသလို ဘာပေကိုယ်တိုင်ကလည်း သူရဲ့ ပွဲဦးထွက် ရာသီမှာပဲ အသင်းနဲ့အတူ သမိုင်းဝင် အောင်မြင်မှုအဖြစ် Treble Champions ဖြစ်လာအောင်ပါ ရည်မှန်းထားတယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit : CNN

“ပီအက်စ်ဂျီနဲ့ ပတ်သက်ပြီး ကျွန်တော် သူတို့အားလုံးကို အကောင်းဆုံး ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။ ဒါပေမယ့် အခု ကျွန်တော် အာရုံစိုက်ထားတာက ရီးယဲလ် မက်ဒရစ်နဲ့ ကျွန်တော်တို့ ရယူနိုင်မယ့် ဖလား(၃)လုံး Trebleကိုပါ။ ဒါဟာ ရီးယဲလ် မက်ဒရစ်မှာ တစ်ခါမှ မလုပ်ခဲ့ဖူးတဲ့ အရာဖြစ်လို့ ကျွန်တော့်ရဲ့ ပထမဆုံးရာသီမှာ ဒါကို လုပ်နိုင်ရင် ထူးကဲတဲ့ အရာတစ်ခု ဖြစ်လာမှာပါ” လို့ ဘာပေက ပြောကြားခဲ့ပါတယ်။

ရီးယဲလ်အသင်းဟာ ဒီရာသီမှာ ဖလား (၂)လုံးကို စောစောစီးစီး ဆွတ်ခူးထားခဲ့ရသလို အသင်းသမိုင်းတစ်လျှောက်မှာ ဆုဖလားပေါင်းများစွာ ဆွတ်ခူးနိုင်ခဲ့ပေမယ့် လာလီဂါဖလား ကိုပါဒယ်ရေးဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို တစ်ရာသီအတွင်းမှာပဲ ရယူနိုင်ခဲ့ဖူးတာမျိုး မရှိသေးတာကြောင့် ဒီရာသီမှာ သမိုင်းဝင် Treble Champions တွေ ဖြစ်လာနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါမယ်။